[42]

1.2K 208 16
                                    

နံနက်ခင်းနေရောင်ခြည်နှင့်အတူ အင်ချွန်းတောင်ပတ်ဝန်းကျင်တွင် ရှိသောဈေးသည်လည်း စည်ကားစ ပြုလာသည်။ဟင်းသီးဟင်းရွက်သည်များ ၊ အသားငါးရောင်းသူများ၏ ဈေးခေါ်သံများက နံနက်ခင်းနေရောင်ခြည်အောက်တွင် အသက်ဝင်လှုပ်ရှားလျက် ရှိသည်။

ထိုအချိန်တွင် ဈေးလမ်းမပေါ်သို့ မြင်းကိုယ်စီနှင့်ထွက်လာသော လူလေးယောက်ရှိလေသည်။ ထူးခြားချက်မှာ မျက်နှာဖုံးတပ်ထားသော လူတစ်ယောက် ပါလာခြင်းပင် ဖြစ်သည်။ ထိုလူအုပ်သည် ဂိုလျောရှိရာ အရပ်သို့ ဦးတည်သွားကြလေသည်။

ဈေးရောင်းဈေးဝယ်များကလည်း အမှုမဲ အမှတ်မဲ့သာ နေလိုက်ကြသည်။ ထိုလူလေးယောက်တို့သည် ဂိုလျော၏ သမိုင်းသစ်ကို ရေးမည့်နေရာတွင် မည်သည့်အခန်းကဏ္ဍတွင် ပါဝင်မည်ဖြစ်ကြောင်းကို သူတို့ မသိလိုက်ချေ။

ယောလ်တို့အဖွဲ့သည်လည်း ရက်အနည်းငယ်ကြာသည်နှင့် ဂိုလျော၏ မြို့တော်အတွင်းသို့ ချဉ်းကပ်မိလာသည်။ ဆင်ခြေဖုံးတွင် ရှိသော တည်းခိုခန်းလေးတွင်သာ လေးယောက်သား တည်းလိုက်သည်။ ယခုသူတို့၏ အခြေအနေသည်ကား လူအမြင်မခံလေ ပိုကောင်းလေပင် ဖြစ်သည်။

နောက်နေ့နံနက်ရောက်သည်နှင့် အိုဂျွန်းက သစ္စာခံ အမတ်စာရင်းကို ထုတ်ပြလာသည်။ ထိုသူများအားလုံး၏ အချုပ်အခေါင်မှာ တရားရေးအမတ်ကြီး ယွန်ဂွန်းဖြစ်သည်မို့ အမတ်ကြီးအား စည်းရုးံနိုင်လျှင် အလုပ်ဖြစ်ပြီ ဖြစ်သည်။ ရှီလာ၏ဘုရင်ခံမှာလည်း ဂိုလျော၏နန်းတွင်းတွင် ရှီလာ၏ တပ်များကို ဖြည့်တင်းထားသည်မို့ ယောလ်တို့ အဖို့ အနိုင်တိုက်ရန် အတော်လေးခက်ခဲမည့် အနေအထားဖြစ်သည်။

ထို့ကြောင့် ယနေ့ညတွင် တရားရေးအမတ်ကြီး၏ အိမ်တော်သို့ လျှို့ဝှက်စွာ သွားရောက်တွေ့ဆုံမည်ဖြစ်သည်။ အင်အားများစုဆောင်းရင်းမှ ဂိုလျောကို ပြန်ယူရန် ဆုံးဖြတ်ထားပေသည်။ အိုဂျွန်းသည်လည်း ကိုယ်ရံတော်များအား ဆက်သွယ်ရန် အလုပ်များနေသည်ကို ထူးဆန်းစွာဖြင့် မင်လေးက ကူညီနေသည်ကို တွေ့လိုက်ရသည်။

အိုဂျွန်းနှင့် မင်လေးကို ကြည့်ကာ ယောလ်တို့နှစ်ယောက် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ကျိတ်ရယ်ကြရသည်။ ပေါ်တင်တော့မရယ်ရဲပေ။ မင်လေးက ဒေါသအိုးပင် မဟုတ်ပါလား။

perfect soulmate   {Completed}Where stories live. Discover now