၁ (Z+U)

13.3K 757 36
                                        

Zawgyi

ကောင်းကင်ထက်မှ ပြည့်ဝန်းသောလမင်း၏အလင်းရောင်သည် ပုဂံစေတီပုထိုးများအပေါ်သို့ သရေတင့်စွာဖြန့်ကျက်ထားသည်။ ငွေစန္ဒာ၏အရိပ်အရောင်အောက်တွင် ကလေးသူငယ်တစ်ချို့ထုပ်စီးထိုးတမ်းကစားနေကြသလို တစ်ချို့ကလေးများမှာလည်း ရွှေစည်းခုံဘုရားပွဲသို့အသော့နှင်ရန် ခြေတကြွကြွရှိနေကြပေသည်။

ပွဲတော်ကာလ တန်ဆောင်မုန်းလပြည့်ညဖြစ်၍ ပုဂံနှင့်အနီးတစ်ဝိုက်မြို့ရွာများသည် ဆီမီးရောင်စုံတို့ဖြင့် သက်ဝင်ခမ်းနားနေပါသည်။ မီးရှူးမီးပန်းတို့တစ်ခါထွန်းလင်းသွားတိုင်း ကလေးများထံမှဟစ်အော်သံတစ်ခါကြားရသည်။ မီးထွန်းကားလေးများကိုဆွဲ၍ မြေလမ်းပေါ်တွင်ပတ်ပြေးနေသော လမ်းလျှောက်တတ်ကာစ ကလေးများအုပ်စုကလည်း သပ်သပ်ရှိ၏။

ညောင်ဦးသူကလေးများမှာ ရောင်စုံဖဲကြိုးများဖြင့် ကျစ်ဆံမြီးလေးကိုချည်နှောင်၍ ချိတ်လုံချည်ဝမ်းဆက်များဆင်ယင်ကာ တစ်ဖွဲ့နှင့်တစ်ဖွဲ့ အလှပြိုင်လျက်ရှိနေသည်။ လူပျိုအုပ်စုတို့မှာလည်း ထို့အတူ ... လည်ကတုံးအင်္ကျီ၊ ခေါက်ရာအထင်းသားနှင့်ပုဆိုးများဝတ်ဆင်၍ မိန်းကလေးများအနားတွင် ပျားပိတုန်းများကဲ့သို့ဝဲနေပါသည်။ တစ်ချို့ယောက်ျားလေးများဆိုလျှင် ပုဆိုးတံဆိပ်ခွာဖို့ပင်မေ့လျော့ခဲ့ကြသည်။ အဖွဲ့ထဲ၌ ထိုသို့သောလူတစ်ယောက်ပါလျှင်တော့ မိမိတို့အဖွဲ့ မိန်းကလေးများ၏ဟားတိုက်ရယ်မောခြင်းကိုခံရပြီသာမှတ်တော့။

ထိုသို့သော အုပ်စုအသီးသီးတွင် ရွှေစည်းခုံဘုရားတောင်ဘက်မုခ်အနီးရှိ
'ပုဂံမင်းဆက်'ယွန်းဆိုင်ရှေ့မှ ပေသီးပေါက်နေသောအုပ်စု၏အသံမှာအကျယ်ဆုံးဖြစ်ပါလိမ့်မည်။

"ဖိုးရှုပ် ... မင်းငါ့ကိုမညစ်နဲ့နော်"

"ဟ ... ကိုကြီးမင်းဆက်ညံ့လို့ရှုံးတာလေ။ ကျွန်တော်ဘယ်မှာညစ်လို့လဲဗျ"

"မင်းစည်းခိုးတာအားလုံးမြင်တယ် ဖိုးရှုပ်။ မယုံရင် စံထူးကိုမေးကြည့်"

ဦးခေါင်းထိပ်၌ကြက်တောင်စည်းနှင့်စံထူးသည် ဖရိုဖရဲဖြစ်သွားသောပေသီးများ ပြန်စီနေရာမှမော့ကြည့်လာသည်။

လှည်းဝင်ရိုးသံ (COMPLETED)Where stories live. Discover now