Zawgyi
မြင်းကပါမှသီရိပစ္စယာသို့သွားရာလမ်းနံဘေး အုတ်လှေကားအရှည်ကြီးတည်ရှိသောနေရာသို့အရောက်တွင် ချမ်းမြေ့စေက မင်းဆက်ရာကိုဆိုင်ကယ်ဘေးကပ်ရပ်စေသည်။
"ဘာဖြစ်လို့လဲ စေ…"
မင်းဆက်ရာ၏Ebikeနှင့် သူ့Ebikeကိုရှေ့ဆင့်နောက်ဆင့်ရပ်လိုက်ပြီး ချမ်းမြေ့စေက အုတ်လှေကားကြီးကိုမော့ကြည့်ရင်း လက်ညှိုးလေးထိုးကာပြော၏။
"ဒီအပေါ်တက်ရအောင်လေ … အပေါ်ဆုံးကနေဓာတ်ပုံရိုက်ရင်သိပ်လှမှာ"
"လှေကားတက်ရမှာကြီးကို … စေ … ခြေထောက်အဆင်ပြေရဲ့လား"
"အာ … အေးဆေးပါ"
ချမ်းမြေ့စေက လျှာထိုးဦးထုပ်ကိုပြန်ပြင်ဆောင်းရင်း ခပ်မို့မို့မြေနီကုန်းလေးပေါ်မှတစ်ဆင့် ဖိနပ်ချွတ်ပြီး အုတ်လှေကားကြီးပေါ်သို့ဖြည်းဖြည်းချင်းတက်သွားသည်။
မင်းဆက်ရာသည် အကြံတစ်ခုရသည်နှင့် ရင်ဘတ်အိတ်ထဲမှဖုန်းကိုထုတ်ကာ ချမ်းမြေ့စေကိုလှမ်းခေါ်လိုက်သည်။
"စေ … "
"ခင်ဗျာ … "
ထူးသံနှင့်အတူ ပြန်လှည့်ကြည့်လေသောချမ်းမြေ့စေကို မင်းဆက်ရာက ဖြတ်ခနဲဓာတ်ပုံရိုက်လိုက်သည်။
"နေထိုးနေတာမဟုတ်ဘူးလား … ပုံထွက်မလှရင်သတ်မှာနော်"
ချမ်းမြေ့စေ၏စကားကြောင့် မင်းဆက်ရာက ခါးထောက်ရယ်မောပြီး ချမ်းမြေ့စေနံဘေးသို့ လှေကားအတိုင်းပြေးတက်လာသည်။
"အရင်ကယဉ်ယဉ်ကျေးကျေးချမ်းမြေ့စေလေး ဘယ်ရောက်သွားလဲဆိုတာ သိချင်မိပါရဲ့"
ထိုအခါ ချမ်းမြေ့စေက မျက်နှာလေးကိုချီမော့ရင်း …
"သူစိမ်းတွေနဲ့ပြောရင်တော့ ယဉ်ကျေးမှာပေါ့ … မင်းကိုတော့မယဉ်ကျေးနိုင်ပါဘူး"
"ဆိုလိုတာက ကျွန်တော်က စေ့အတွက်သူစိမ်းမဟုတ်ဘူးပေါ့"
"အင်းလေ … "
"သူစိမ်းမဟုတ်ရင် ဘာလဲ"
မချိုမချဉ်မျက်နှာထားနှင့်အညာသားကို ချမ်းမြေ့စေက ပေစောင်းစောင်းမော့ကြည့်ရင်း အသံပြတ်နှင့်ဖြေသည်။