Zawgyi
ဆိုင်ထဲဝင်ဝင်ချင်း မြောက်ဘက်ဝိုင်းမှာတွေ့လိုက်ရသောချမ်းမြေ့စေကို ဝမ်းသာအားရလက်ပြနှုတ်ဆက်ပြီး မြန်းဆက်ရာ သူနှင့်မျက်နှာချင်းဆိုင်မှာဝင်ထိုင်လိုက်သည်။
"ပုဂံရောက်တာပဲတစ်ပတ်လောက်ရှိနေပြီ … ငါ့ကိုတော့အခုမှပဲဆက်သွယ်ဖော်ရတော့တယ်နော်"
"ငါမအားလို့ပါ မြန်းဆက်ရဲ့ … ပြီးတော့ အရင်နှစ်တွေတုန်းကလိုအပျော်သက်သက်လာလည်တာမဟုတ်ဘူး။ ငါ့ကျောင်းကစီနီယာနဲ့အတူလာတာမို့လို့"
"ဟုတ်လား … အလုပ်ကိစ္စရောပါတာလား"
ထိုစဉ် ချမ်းမြေ့စေမှာထားသည့်သွားရေစာများလာချပေးသဖြင့် နှစ်ယောက်သားစကားပြတ်ကာ အစား၌အာရုံရောက်သွားကြသည်။
"ထမင်းမစားချင်သေးလို့ ငါ ထမင်းမမှာထားဘူး။ နင်စားချင်ရင်ထပ်မှာလိုက်ပါလား မြန်းဆက်"
"တော်ပါပြီဟယ် … ဒီလောက်ဆိုနေ့လည်စာတောင်လွတ်လောက်ပြီ"
မြန်းဆက်ရာက ချမ်းမြေ့စေ၏အမေးကို ဘူးသီးကြော်တစ်ခုကောက်ဝါးလိုက်ရင်းဖြေလိုက်သည်။ ငရုတ်သီးအစိမ်းတောင့်များထိုးစိုက်ကာ အလှဆင်ထားသောလက်ဖက်သုပ်အပြင် မုန့်လုံးကြီးဆီစိမ်တစ်ပွဲနှင့် ခပ်သင်းသင်းလေးမွှေးနေသော ဆနွင်းမကင်းများမှာလည်း စားချင်စဖွယ်ပင်ဖြစ်သည်။ လိုက်ဖက်၊မလိုက်ဖက်မသိသော်ငြား ချမ်းမြေ့စေကတော့ သူစားချင်သည်များကိုသာရွေးမှာထားလေသည်။
"ဟုတ်လား ချမ်းမြေ့ … အလုပ်ကိစ္စရောပါတာလား"
"အလုပ်ကိစ္စရယ်တော့မဟုတ်ဘူးဟ … ကျောင်းတုန်းကစီနီယာက ဒီပုဂံသမိုင်းနဲ့ပတ်သတ်ပြီးစာအုပ်တစ်အုပ်ရေးချင်တာလေ၊ အဲ့ဒါနဲ့ ငါ့ကိုအကူအညီတောင်းလို့ အတူတူလာခဲ့ကြတာ"
"သြော် … ဒါဆို ဒီတစ်ခေါက်ရော မင်းဆက်နဲ့မတွေ့ပြန်ဘူးပေါ့"
"မနေ့ကမှအတူလျှောက်လည်ခဲ့သေးတယ်"
"ဘာ …"
လက်တစ်ဖက်ကမေးကိုထောက်လျက် လက်ဖက်သုပ်တစ်ဇွန်းကို ဖြည်းဖြည်းဝါးနေသောမြန်းဆက်ရာမှာ ချမ်းမြေ့စေ၏အဖြေကြောင့် တဟွတ်ဟွတ်သီးပါတော့သည်။