၃၇ (Z+U)

1.7K 262 40
                                    

Zawgyi

ချစ်သူနှင့်ကြည်နူးရသောနေ့ရက်များကုန်ဆုံးသွားသည့်နောက်တွင် မင်းဆက်ရာလည်း အချိန်ပြည့်အလုပ်ပိနေသော မိမိ၏လုပ်ငန်းရှင်ဘဝသို့ပြန်ရောက်သွားရသည်။ သို့သော်လည်း ညတိုင်းဖုန်းပြောသည့်အလေ့အကျင့်မှာ တစ်ရက်မှမပျက်ကွက်ခဲ့ပါ။ တစ်ခါတစ်ရံ ချမ်းမြေ့စေဘက်ကအချိန်မပေးနိုင်သည့်အခါမျိုးရှိတတ်သော်ငြား မင်းဆက်ရာကတော့ ချမ်းမြေ့စေအတွက် သီးသန့်အချိန်တစ်ခုပေးထားတတ်သည်။ ချမ်းမြေ့စေမအားလျှင် အားသည့်အချိန်အထိစောင့်ကာ တစ်နေ့တာအကြောင်းဆွေးနွေးလေ့ရှိသည်။ ဒါဟာအသေးအဖွဲ့ကိစ္စတစ်ခုဖြစ်ကောင်းဖြစ်နိုင်သော်လည်း အဝေးရောက်ချစ်သူတွေအဖို့ အဓိကကျသောအချက်ဟုပင် မင်းဆက်ရာကယုံကြည်ထားသည်။

သီတင်းကျွတ်အခါသမယမှာတော့ လွန်ခဲ့သောနှစ်တွေကတည်းက ဦးမျိုးမင်းဆက် ကြံစည်ရည်ရွယ်ခဲ့သော 'ပုဂံမင်းဆက်'မိသားစု၏ ရဟန်းခံရှင်ပြုအလှူတော်ကြီးအား လက်တွေ့အကောင်အထည်ဖော်၍ခြိမ့်ခြိမ့်သဲကျင်းပဖြစ်ခဲ့ပါသည်။ သားဖြစ်သူမင်းဆက်ရာသာမက ဟိုတယ်၊ခရီးသွားလုပ်ငန်းနှင့်ယွန်းလုပ်ငန်းတို့မှဝန်ထမ်းများကိုလည်းပဉ္ဇင်းခံစေသည်။ ဝန်ထမ်းများ၏မိသားစုများမှ သား၊သမီးများကိုလည်း ရှင်ပြု၊နားသပေးကာ သာသနာ့ဘောင်ကိုဝင်စေသည်။ အခြား အလှူမပြုနိုင်သည့်မိသားစုများက ကလေးငယ်တွေကိုပါ သူ၏အလှူတွင်ပါဝင်စေသည်။ ပုဂံညောင်ဦးတစ်ဝိုက်တွင် ထိုအလှူကားအကြီးကျယ်ဆုံးအလှူစာရင်းဝင်ခဲ့သည်။

ထိုအလှူအမှီ ချမ်းမြေ့စေကို ပုဂံသို့အရောက်ဖိတ်ခေါ်ခဲ့ပါသော်လည်း ဖခင်ကျန်းမာရေးမကောင်းသဖြင့် အရင်ကထက်ပို၍မအားမလပ်ဖြစ်လာသောချမ်းမြေ့စေမှာ ဒီတစ်ခေါက် အသက်ငယ်တဲ့ရည်းစားလေးကိုတကယ်ပဲအလိုမလိုက်နိုင်တော့ပါ။ သို့ဖြစ်၍ ဆံချသည့်နေ့ရောက်သည့်အခါ၌ မင်းဆက်ရာက ချမ်းမြေ့စေကိုဖုန်းဆက်ပြီးနားပူနားဆာလုပ်တော့သည်။

"ကျွန်တော် ခဏနေကတုံးတုံးတော့မှာဗျ"

"ဒါဆိုဘုန်းကြီးဖြစ်ပြီပေါ့နော်"

"အင်းပေါ့ … ကျွန်တော်ဆံချတာကို စေ့ကိုကိုယ်တိုင်မြင်စေချင်တာ"

လှည်းဝင်ရိုးသံ (COMPLETED)Donde viven las historias. Descúbrelo ahora