Zawgyi
မင်းဆက်ရာသည် ချမ်းမြေ့စေအား အရိပ်ရမန်းကျည်းပင်တစ်ပင်အောက်ရှိ ဝါးကွပ်ပျစ်ပေါ်တွင်ထိုင်စေကာ ဇီးထန်းလျက်ပန်းကန်နှင့်ရေနွေးတစ်အိုးကိုလည်းချပေးထားသည်။
"ဒါလေးတွေက ဘာလေးတွေလဲခင်ဗျာ"
ယွန်းပန်းကန်ထဲမှ ဇီးထန်းလျက်တစ်ခဲကိုလက်ဖျားလေးနှင့်ကောက်ယူကာ မင်းဆက်ရာရှေ့သို့ထိုးပြရင်း ချမ်းမြေ့စေကမေးသည်။
"အဲ့ဒါဇီးထန်းလျက်လို့ခေါ်တယ်။ ချိုချိုချဉ်ချဉ်လေးနဲ့သိပ်စားလို့ကောင်းတာ။ မောင်ချမ်းမြေ့ပါစေ စားကြည့်ကြည့်"
သူ့ကိုကြည့်လိုက်၊ လက်ထဲကဇီးထန်းလျက်ကိုကြည့်လိုက်နှင့် မရဲတရဲဖြစ်နေသည့်ချမ်းမြေ့စေကြောင့် မင်းဆက်ရာ ခေါင်းကိုခပ်ကြမ်းကြမ်းကုပ်မိတော့သည်။ ဂျယ်နှင့်သပ်တင်ထားသည့်ဆံပင်တိုတွေဟာလည်း ချမ်းမြေ့စေကောင်းမှုနှင့်ပုံပျက်ကုန်ပြီထင်ပါရဲ့။
"မောင်ချမ်းမြေ့ပါစေကို ဘယ်သူမှအဆိပ်မကျွေးပါဘူးဗျာ။ ဒီမှာ ကျွန်တော်အရင်စားပြမယ်"
ဇီးထန်းလျက်ကိုအရသာရှိရှိစားပြနေသောမင်းဆက်ရာကြောင့် နောက်ဆုံးတော့ ချမ်းမြေ့စေလည်းပဲ ဇီးထန်းလျက်ကိုတစ်ကိုက်ကိုက်လိုက်သည်။
"ဘယ်လိုလဲ … ကောင်းတယ်မဟုတ်လား"
ချမ်းမြေ့စေသည် ခပ်တည်တည်မျက်နှာလေးနှင့် အသေအချာအရသာခံနေရမှ တဖြည်းဖြည်းနှင့်ပါးချိုင့်လေးများထင်ရှားလာကာ …
"ကောင်းတယ်ခင်ဗျ။ ချိုချိုချဉ်ချဉ်လေးနဲ့ မြန်မာကန်ဒီပဲခင်ဗျာ"
"မြန်မာကန်ဒီ ?… အဟား … မောင်ချမ်းမြေ့ပါစေကသိပ်တတ်တာပါလားဗျ။ မြန်မာကန်ဒီကဇီးထန်းလျက်၊ ဇီးထန်းလျက်ကမြန်မာကန်ဒီ … ဟုတ်တယ်၊ ဟုတ်တယ်၊ နာမည်ပေးတော်လိုက်တာ"
မင်းဆက်ရာထံမှချီးကျူးစကားကြားရသည့်အခါ ချမ်းမြေ့စေက မျက်နှာကလေးကိုပင် မသိမသာမော့ထားသေးသည်။
"ဒီတော့ … ကျွန်တော်က မောင်ချမ်းမြေ့ပါစေကို ပုဂံမိတ်ဆက်ပြောပြပေးမယ်။ မောင်ချမ်းမြေ့ပါစေကတော့ မြန်မာကန်ဒီလေးစားရင်းနားထောင် ဟုတ်ပြီလား"
