Zawgyi
ချစ်သူသက်တမ်းက၅နှစ်နှင့်၁၁လ။
အနှစ်နှစ်အလလစိတ်ကူးယဉ်ခဲ့သောလက်ထပ်ခြင်းအား အကြီးအကျယ်ပြုလုပ်ဖို့တော့နှစ်ယောက်လုံးမစဉ်းစားဖြစ်ခဲ့ကြ။ ထိုအစား မိဘဆွေမျိုးအသိုင်းအဝိုင်းကိုတရားဝင်ဖွင့်ပြောပြီး အသိအမှတ်ပြုမှုတစ်ခုနှင့်နှစ်ယောက်အတူနေထိုင်ဖို့သာစီစဉ်ထားခဲ့သည်။
မင်းဆက်ရာ၏အသိုင်းအဝိုင်းတစ်ခုလုံးက ချမ်းမြေ့စေနှင့်ပတ်သတ်မှုကိုနားလည်ပြီးသားဖြစ်သဖြင့် ယခုအခြေအနေအား အကြောက်အကန်ငြင်းဆိုမည့်လူဟူ၍မရှိ။ ဦးမျိုးမာန်ဆက်ကိုယ်တိုင်ကသဘောတူလက်ခံမှတော့ ၎င်းတို့လည်းကြည်ဖြူရတော့မည်မဟုတ်လား။ ဆွေမျိုးသားချင်းအားလုံးဟာ ဦးမျိုးမာန်ဆက်၏အထောက်အပံ့နှင့်လုပ်ကိုင်စားသောက်နေရသူတွေချည်း။
ချမ်းမြေ့စေ၏အဒေါ်နှင့်ဦးလေးကလည်း ချမ်းမြေ့စေဘက်က သူနှင့်မင်းဆက်ရာအကြောင်းအား အရိပ်အမြွက်ပြောပြခဲ့ဖူး၍ လက်ထပ်မည့်အကြောင်းကြားသည့်အခါအထွေအထူးအံ့သြခြင်းမရှိခဲ့။ မိမိတို့စိတ်ပူမိသည်မှာ ချမ်းမြေစေတစ်ယောက် ပတ်ဝန်းကျင်အသစ်၌ အဆင်မပြေဖြစ်မှာကိုပါပဲ ဟူ၍ပင်ထုတ်ပြောခဲ့ကြသေးသည်။
ကျန်းမာရေးကောင်းသောအဘိုးနှင့်အဘွားကတော့ မြေးဖြစ်သူကိုနှမြောသလို လက်ရှိအခြေအနေကိုလည်းလက်ခံချင်ပုံမပေါ်ပေမယ့် အတင်းအကြပ်တားမြစ်ခြင်းမပြုခဲ့ကြပါ။ အသက်ငယ်သေးသည့် မင်းဆက်ရာအားအပြည့်အဝယုံကြည်ခြင်းမရှိသော်လည်း ချမ်းမြေ့စေ၏ပျော်ရွှင်မှုကိုတော့ဖျက်စီးလိုစိတ်မရှိခဲ့ကြဘူးထင်ပါသည်။
"준역의 미소를 꼭 지켜줘"
(ဂျွန်ယော့ရဲ့အပြုံးကိုသေချာပေါက်ကာကွယ်ပေးပါ)"ဗျာ"
"ကျွန်တော့်ကိုစိတ်ချမ်းသာအောင်ထားဖို့ပြောတာ"
"သြော် … စိတ်ချပါ အဘိုးနဲ့အဘွား၊ မျက်နှာလေးတောင်တစ်ချက်တောင်ညှိုးစေရဘူး၊ ကျွန်တော်ကတိပေးတယ်၊ အဲ့ဒါလေးဘာသာပြန်ပေးဦး စေ"
ဤသို့ဖြင့် မျက်နှာရွှင်ပြီးယဉ်ကျေးမှုရှိသောမင်းဆက်ရာကြောင့် အဘိုးနှင့်အဘွားရဲ့နှလုံးသားမှာကြာကြာမမာနိုင်ခဲ့ကြ။ တစ်ပတ်တာအချိန်ကိုအတူကုန်ဆုံးပြီးနောက် 'မင်းဆက်'ဟူသည့်နာမည်ကိုပင်ပါးစပ်ကမချတော့သည်အထိ မြေးအရင်းသဖွယ်သဘောကျခဲ့ကြပါသည်။