Zawgyi
'ပြန်ခါနီးပြီဖြစ်တာမို့ဟိုတယ်မပြောင်းပါရစေနဲ့တော့'ဟုဆိုသည့်ချမ်းမြေ့စေ၏သဘောထားကိုလိုက်လျောခဲ့သဖြင့် မင်းဆက်ရာသည် ဒီနေ့နေ့လည်တွင် 'ပုဂံမင်းဆက်'ဟိုတယ်မှ ပုဂံမြို့ဟောင်းထဲသို့ပြန်သွား၍ ချမ်းမြေ့စေကိုခေါ်ပြီး ညောင်ဦးအိမ်ကိုပြန်လာရလေသည်။ ခရီးကမရှည်သော်လည်း ချမ်းမြေ့စေကိုပြန်ပို့ရဦးမှာနှင့်ဆို အခေါက်ခေါက်အခါခါသွားရသလိုဖြစ်၍ မင်းဆက်ရာ၏မျက်နှာကဆူပုပ်ပုပ်ဖြစ်နေပါသည်။
"အဲ့ဒါကြောင့် ကျွန်တော့်ဟိုတယ်မှာပဲနေပါတော့လို့ စေ့ကိုပြောတာပေါ့"
"နောက်နှစ်ရက်သုံးရက်နေရင်ပဲပြန်တော့မှာကို အထုပ်အပိုးတွေနဲ့အရွှေ့အပြောင်းမလုပ်ချင်ပါဘူး။ ပြီးတော့ အဲ့ဒီလိုသာဆို စီနီယာဂျီဝူးကကျွန်တော့်ကိုဒီ့ထက်ပိုစ,မှာ မင်းဆက်ရာရဲ့၊ အခုတောင် မပြန်တော့ဘူးလားတို့ နှလုံးသားလေးကဆွဲထားလို့လားတို့ ပြောတာမှစုံနေတာပဲ"
"အဲ့ဒီတော့ စေက ကျွန်တော်နဲ့တွဲနေတာကိုလူသိမခံချင်တဲ့သဘောလား"
"မဟုတ်ပါဘူး … ရုတ်တရက်ကြီးဝန်ခံလိုက်ဖို့ကနည်းနည်းရှက်စရာကောင်းသလားလို့ပါ"
တကယ်ပဲမဝံ့မရဲဖြစ်နေဟန်မျက်နှာလေးကြောင့် မင်းဆက်ရာက ကားစီယာတိုင်ကိုင်ထားတဲ့လက်တစ်ဖက်ကိုလွှတ်ကာ ပေါင်ပေါ်ယှက်တင်ထားတဲ့ချမ်းမြေ့စေရဲ့လက်ချောင်းလေးတွေကို သူ့လက်နဲ့ဆုပ်ကိုင်ပေးလိုက်သည်။
"ဟုတ်ပါပြီ … ကျွန်တော်တို့ရဲ့ဒုတိယအကြိမ်ဆက်ဆံရေးကိုတော့ အချိန်ယူပြီးဖြည်းဖြည်းချင်းခိုင်မြဲအောင်တည်ဆောက်ကြတာပေါ့"
ခေါင်းနှစ်ချက်ဆင့်ကာငြိမ့်ပြစဉ်တွင် ဖွာခနဲဖြစ်သွားတဲ့ကော်ဖီရောင်ဆံပင်တွေကို အသည်းယားစွာလက်နဲ့ထပ်ဖွမိတော့ ချမ်းမြေ့စေက သူ့လက်ဖျံကိုအားနဲ့ရိုက်ချပါလေသည်။
"ကျွန်တော်ကမင်းဆက်ရာထက်အသက်ကြီးတယ်ဗျ"
"ဘယ်လိုလုပ်မလဲ … ကျွန်တော့်မျက်လုံးထဲမှာတော့ စေ့ကိုကလေးလေးတစ်ယောက်လိုပဲမြင်နေတာ"