Zawgyi
ကွပ်ပျစ်တစ်ဖက်စွန်းမှာ ခြေတွဲလဲချထိုင်နေတဲ့ မင်းဆက်ရာက မျက်နှာကြီးမှုန်ကုပ်လို့ စောစောကကိစ္စကိုကျေနပ်ပုံမရသေး။
စေ့စပ်ပွဲရဲ့အခရာဖြစ်တဲ့ရန်မျိုးအောင်ကတော့ မင်းဆက်ရာကို ဟိန်းသန့်နဲ့လွင်ဦးဆီမှာအပ်ခဲ့ပြီး လူကြီးတွေကိုနှုတ်ဆက်ဖို့ထွက်သွားသည်။ ပိုးအိကလည်းရွှေသွန်းအနားမှာဆိုတော့ မန်ကျည်းပင်ကြီးအောက်မှာကျန်ခဲ့တာက မင်းဆက်တို့သုံးယောက်တည်း။
"စိတ်လျှော့ပါကွာ … ဒီမှာ … ရေအေးအေးလေးသောက်လိုက်ဦး"
ဟိန်းသန့်က ရေခဲရေဘူးထဲကရေတစ်ခွက်ကိုငှဲ့ထည့်ပြီး မင်းဆက်ရာရှေ့ချပေးသည်။
"ငါတို့ကစကားသံကျယ်ကျယ်ကြားလို့ အဲ့ဒီဘက်ကိုရောက်လာတာ။ ကတောက်ကဆဖြစ်နေတဲ့လူက မင်းနဲ့ကိုချမ်းမြေ့ဖြစ်လိမ့်မယ်လို့ လုံးဝကိုမထင်ထားဘူး"
ဟိန်းသန့်ရဲ့စကားကိုခေါင်းငြိမ့်ထောက်ခံရင်း လွင်ဦးက ကွပ်ပျစ်ပေါ်တက်ကာ အားရပါးရတင်ပျဉ်ခွေထိုင်ပြီး မင်းဆက်ကိုစပ်စု၏။
"မင်းတို့ပုံစံက မသိရင် သမီးရည်းစားရန်ဖြစ်နေတာကျလို့ကွာ … ဘယ်လိုဖြစ်ကြတာလဲ … ငါတို့ကိုပြောဦး"
"အေး … အဲ့ဒီလိုပဲ"
"ဘာကို အဲ့ဒီလို … ဟမ်"
မင်းဆက်ရဲ့အဖြေကိုနားမရှင်း၍ထပ်မေးဖို့ပြင်ပြီးနောက် လွင်ဦး၏နှုတ်မှအာမေဋိတ်သံအကျယ်ကြီးထွက်လာသည်။
"ဟေ့ကောင် … အဲ့ဒါ LGTV LGTV"
မျက်လုံးပြူးကြီးနဲ့ထအော်တဲ့လွင်ဦးကို ဟိန်းသန့်က နားဘန်ပိတ်ကျင်းလိုက်ကာ သူလည်းပဲ ကွပ်ပျစ်ပေါ်အကျအနတက်ထိုင်လိုက်သည်။
"LGBTလို့ခေါ်တယ်ငတုံးရဲ့ … ကမ္ဘာကြီးကိုမျက်ခြေမပြတ်စောင့်ကြည့်နေတဲ့ဂီတသမားက ဒါကျမသိပါလားကွ"
"မသိတာမဟုတ်ဘူး အမှတ်မှားသွားတာဟ။ ဘယ်အချိန်ကတည်းက ငါ့အမှားကိုထောက်ဖို့စောင့်နေလည်းမသိဘူးနော် ကိုဟိန်းသန့်"
"နားစမ်းပါကွာ … မင်းပါးစပ်ကိုခဏလေးပိတ်ပြီးငြိမ်နေပေး ဟုတ်လား"
