Zawgyi
"မြင်းကပါဂူပြောက်ကြီးက ပုဂံသမိုင်းရဲ့မင်းကောင်းမင်းမြတ်တစ်ပါးနဲ့ သားကောင်းသားမြတ်တစ်ဦးတို့ရဲ့ အဖနဲ့သားပေါင်းစပ်အလှူလို့ပြောလို့ရတယ်။ ကျန်စစ်သားမင်းကြီးနတ်ရွာစံခါနီးမှာ သားတော်ရာဇကုမာရက ရွှေဆင်းတုတစ်ဆူသွန်းလုပ်ဌာပနာပြီး မင်းကြီးကိုရေစက်ချသာဓုခေါ်စေတယ်။ ကျွန်သုံးရွာကိုလည်းဒီဘုရားမှာလှူတယ်။ အဲ့ဒီအလှူနဲ့ပတ်သတ်ပြီးရေးထိုးထားတဲ့ကျောက်စာကိုတော့ မြစေတီအနီးမှာတွေ့ရလို့ မြစေတီမှာပဲထားထားတယ်"
"ပုဂံသမိုင်းမှာ နရသူမင်းလိုသားဆိုးလည်းရှိသလို ရာဇကုမာရသလိုသားမြတ်လည်းရှိခဲ့တာပေါ့ခင်ဗျ"
ချမ်းမြေ့စေသည် အုတ်နံရံထက်ရှိပုဂံ၏အကောင်းဆုံးသောနံရံဆေးရေးများကိုစူးစမ်းကြည့်ရှုရင်း မင်းဆက်ရာကိုခေါင်းမော့၍ပြောသည်။
ဂူပုထိုးအတွင်း နံရံဆေးရေးပန်းချီများအား အကောင်းဆုံးထိန်းသိမ်းမှုပြုထားသဖြင့် ပုဂံခေတ်လက်ရာများအတိုင်း အရောင်အဆင်းမပျက်လေ့လာကြည့်ရှုနိုင်၏။
"ဒါနဲ့ … နရသူကတော့မင်းဖြစ်ပြီး ရာဇကုမာရကဘာလို့မင်းမဖြစ်ရတာလဲခင်ဗျာ"
မင်းဆက်ရာက အဖြေရခက်သွားသလို မျက်ခုံးနှစ်ဖက်ကြားကိုလက်သည်းနှင့်ကုပ်ခြစ်ရင်း …
"အဟင်း … ဒါပြောရမှာကနည်းနည်းတော့ရှည်တယ်ဗျ"
ချမ်းမြေ့စေက ဟီးခနဲတစ်ချက်ရယ်ပြကာမျက်နှာချိုသွေးပါသည်။ သူ့ကိုပြောပြဆိုသည့်သဘော … ။
"အနော်ရထာမင်းကြီးလက်ထက် ပုဂံမှာ ထေရဝါဒဗုဒ္ဓသာသနာပြန့်ပွားရေးအတွက် ပိဋကတ်တော်တွေမျှပေးဖို့ သထုံဘုရင်ကိုတောင်းဆိုခဲ့တယ်။ ဒါပေမယ့် သထုံဘုရင်ကတော့ ညစ်နွမ်းတဲ့အရည်းကြီးသာသနာပြန့်ပွားခဲ့တဲ့ပုဂံဟာ ဗုဒ္ဓဘာသာပြောင်းလဲကိုးကွယ်မယ်ဆိုတဲ့ကိစ္စကိုလုံးဝမယုံကြည်ဘူး။ ပိဋကတ်တော်တွေကိုလည်းမပေးလိုက်နိုင်ဘူးလို့မိန့်ကြားတယ်။ ဒီလိုနဲ့မတတ်နိုင်တဲ့အဆုံး အနုနည်းနဲ့မရရင်အကြမ်းနည်းသုံးဆိုတဲ့အတိုင်း အနော်ရထာမင်းကြီးက သထုံပြည်ကိုတိုက်ပြီး သထုံဘုရင်နဲ့မျိုးနွယ်တွေ၊ ဘုန်းတော်ကြီးတွေနဲ့ဓမ္မကျမ်းဂန်တွေကိုပင့်ပြီးပုဂံကိုခေါ်လာခဲ့တယ်။ ဒါပေမယ့် အနော်ရထာဟာ သထုံဘုရင်ကိုညီအစ်ကိုလိုပဲဆက်ဆံပြီး သီးသန့်နန်းဆောင်နဲ့နေစေသလို ဘုန်းကြီးတွေကိုလည်းပုဂံရဲ့သာသနာ့အဆောက်အဦးတွေမှာကောင်းကောင်းမွန်မွန်သီတင်းသုံးနေထိုင်စေတယ်။ ဘာပဲဖြစ်ဖြစ် မွန်လူမျိုးတွေရဲ့အမြင်မှာတော့ အနော်ရထာကသူတို့တိုင်းပြည်နဲ့သူတို့ဘုရင်ကိုမတရားစစ်ဆင်တဲ့ဘုရင်ဖြစ်သွားပြီလေ။ အနော်ရထာမင်းကြီးရဲ့ရည်ရွယ်ချက်ကလည်း လူမျိုးတိုင်းပြည်အားလုံးစိတ်ဝမ်းမကွဲစေဘဲ စည်းလုံးခိုင်မာတဲ့ဗုဒ္ဓဘာသာမြန်မာနိုင်ငံကြီးတည်ဆောက်ဖို့ဆိုတော့ ကျန်စစ်သားဘုရင်ဖြစ်တဲ့အခါမှာ သူ့ဖခင်ရဲ့မူလရည်ရွယ်ချက်အတိုင်း မွန်ဗမာချစ်ကြည်ရေးကိုပြန်လည်တည်ဆောက်ပြီး နှစ်ပြည်ထောင်ရေရှည်သင့်မြတ်ဖို့အတွက် သမီးတော်ရွှေအိမ်သည်နဲ့ သထုံဘုရင်မနူဟာရဲ့မြေး နာဂသမန်းကိုလက်ဆက်စေတယ်။ သူတို့ကမွေးတဲ့သား မွန်သွေးပါတဲ့ အလောင်းစည်သူမင်းသားကိုတော့ ရင်ခွင်ပိုက်အရွယ်လေးနဲ့ထီးနန်းတင်မြှောက်ခဲ့တယ်။ အဲ့ဒီပွဲပြီးမှနန်းတော်ကိုရောက်လာတဲ့ရာဇကုမာရကတော့ သားအရင်းဖြစ်ပါရဲ့ထီးနန်းနဲ့လွဲခဲ့ရတယ်ပေါ့"
