Zawgyi
ဓမ္မရာဇကဘုရားမှအပြန်တွင် ရန်မျိုးအောင်တို့အိမ်၌ လွင်ဦးနှင့်ဟိန်းသန့်တို့ကကြိုစောင့်နှင့်နေသည်။ သူတို့နှစ်ယောက်မှာ ရန်မျိုးအောင်ကဲ့သို့သူငယ်ချင်းအရင်းကြီးဖြစ်မနေသည့်တိုင် ဆယ်တန်းဘော်ဒါဆောင်နေခဲ့စဉ်က အခန်းဖော်တွေဖြစ်ခဲ့တာကြောင့် မင်းဆက်ရာနှင့်အတော်အတန်ရင်းနှီးမှုတော့ရှိသည်။
"မင်းဆက်ကငါတို့ကိုစိမ်းကားချက် … ရွာလာတာတောင်ဖုန်းမဆက်ဘူး"
"မဟုတ်ပါဘူးကွာ … ဒီတစ်ညပဲအိပ်ပြီးမနက်ထ,ပြန်မှာမို့လို့ မင်းတို့ကိုမပြောဖြစ်တာပါ"
မင်းဆက်ရာက ချမ်းမြေ့စေနှင့်မိတ်ဆက်ပေးသောအခါ၌ ဂစ်တာကိုင်ထားသောလွင်ဦးမှာ ချမ်းမြေ့စေအနားကိုပြေးကပ်ထိုင်ပြီး …
"အစ်ကိုကကိုရီးယားပေါ့ … ဟုတ်လား။ ကျွန်တော်လည်းKpopကိုသိတယ် … ဘန် ဘန် ဘန်း … ဂျီဂျီဂျီဂျီ ဘေဘေဘေဘေဘေ … နယ်ဂဂျယ်အီဂျာလာကာ … "
အမူအရာတွေပါလုပ်ပြနေသောလွင်ဦးကြောင့် ချမ်းမြေ့စေပင်မက မင်းဆက်တို့သုံးယောက်လုံးရယ်ပွဲကျသွားတော့သည်။
"သူဆိုတဲ့ဟာတွေက တကယ်ပဲကိုရီးယားသီချင်းတွေလား ကိုချမ်းမြေ့"
"ဟုတ်ပါတယ်ခင်ဗျ …"
ဇီးထန်းလျက်စားနေသည့် ချမ်းမြေ့စေက ဟိန်းသန့်၏အမေးကိုခပ်သွက်သွက်ကလေးပြန်ဖြေသည်။
"တွေ့လား … ငါတို့ဂီတသမားတွေက ဒီအချိန်ကမ္ဘာကြီးမှာဘယ်ဂီတစိုးမိုးနေသလဲဆိုတာ အမြဲတမ်းမျက်ခြေမပြတ်စောင့်ကြည့်နေတတ်ကြတာကွ။ အထင်တော့မသေးလိုက်နဲ့ … ဟင်းဟင်း"
"ကဲ ဒါဆိုလည်း ခြံထဲမှာတစ်ပုဒ်လောက်ဟဲလိုက်စို့ကွာ … လာကြ"
ရန်မျိုးအောင်၏စကားခေါ်မှုကြောင့် လွင်ဦးတစ်ယောက်သွားအဖြီးသားဖြစ်သွားသည်။ ဂစ်တာယူလာခဲ့သည်နှင့်အတော်ပဲဖြစ်သွားသည်မဟုတ်လား။
"ဘယ်သူဘာဆိုမှာလဲပြော … ငါကတော့တီးပေးဖို့အသင့်ပဲ"
ခြံဝိုင်းထဲကမန်ကျည်းပင်ရိပ်အောက်ရှိ သစ်သားကွပ်ပျစ်ကြီးပေါ်တွင် ငါးယောက်သားဝိုင်းဖွဲ့၍ထိုင်လိုက်ကြပြီးနောက် ဂစ်တာကြိုးညှိနေရင်းမှ လွင်းဦးကမေးသည်။