Zawgyi
ကျန်စစ်သားဥမင်ဟုခေါ်တွင်သော်လည်း ကျန်စစ်သားမင်းလက်ထက် ထက် စော၍ဆောက်လုပ်ပြီးစီးခဲ့သည်ဟုယူဆကြသော ပုဂံခေတ်ရဟန်းသံဃာများသီတင်းသုံးနေထိုင်ရာ ဥမင်ကိုကြည့်ရှုပြီးသည့်နောက် ရွှေစည်းခုံရင်ပြင်သို့ တောင်ဘက်စောင်းတန်းအတိုင်းဆက်လျှောက်ခဲ့ကြသည်။
"တန်ခိုးမှာရွှေစည်းခုံဆိုတာ အရမ်းတန်ခိုးကြီးတယ်လို့ဆိုလိုတာလားခင်ဗျ"
"ဟုတ်တာပေါ့ … စေရဲ့။ အနော်ရထာမင်းကြီးက သီဟိုဠ်ကိုသာသနာရေးအကူအညီပေးခဲ့တာကြောင့် သီဟိုဠ်ဘုရင်က ဓမ္မလက်ဆောင်အဖြစ်ပြန်လည်ဆက်သခဲ့တဲ့ မြတ်စွာဘုရားရဲ့စွယ်တော်ပွားရယ်၊ တရုတ်ပြည်ကမြဆင်းတုတစ်ဆူရယ်၊ ဒွတ္တပေါင်မင်းကြီးတည်ခဲ့တဲ့ သရေခေတ္တရာက စေတီတစ်ဆူရဲ့နဖူးသင်းကျစ်ဓာတ်တော်ရယ်ကိုဌာပနာပြီး ဒီရွှေစည်းခုံစေတီကိုတည်ထားခဲ့တာလေ"
စေတီတော်ကိုဖူးမြော်၍ ရင်ပြင်ကိုတစ်ပတ်ပတ်နေစဉ် မျက်နှာ၌သနပ်ခါးအဖွေးသားဖြင့် သာအောင်နှင့်မိစံက ချမ်းမြေ့စေတို့ရှိရာသို့ အပြေးကလေးရောက်လာသည်။
ချမ်းမြေ့စေသည် သူ၏ခါးကိုဖက်တွယ်လာသော ကလေးနှစ်ယောက်ကိုငုံ့ကြည့်ပြီး …
"ကလေးတွေလည်း ဘုရားလာဖူးတာပဲလားခင်ဗျ"
"မဟုတ်ဘူး ကိုကိုချမ်းမြေ့ရ … မိစံတို့က ကျောင်းပိတ်ရက်ညနေဆို ဒီမှာဘုရားသမိုင်းပြောပြတဲ့အလုပ်လုပ်တာလေ"
မိစံကဘာမှမဖြစ်သလိုမျိုး ပြုံးပြုံးလေးပြောသော်လည်း ချမ်းမြေ့စေမျက်နှာပျက်သွားတာကိုတော့ မင်းဆက်ရာမြင်လိုက်ရပါသည်။
"ကိုကိုချမ်းမြေ့ရော သားတို့ပြောပြတဲ့ဘုရားသမိုင်းကိုနားထောင်မလားဗျ"
"ဟဲ့ … သာအောင်ကလည်း ကိုကိုချမ်းမြေ့မှာ ကိုကြီးမင်းဆက်တစ်ယောက်လုံးရှိနေတဲ့ဟာ ငါတို့ပြောပြစရာလိုပါ့မလားဟဲ့"
"လိုတာပေါ့ခင်ဗျာ"
မိစံရဲ့ခေါင်းလေးကိုခပ်ဖွဖွပွတ်ပေးပြီးပြောလိုက်တဲ့စကားကြောင့် ကလေးနှစ်ယောက်လုံးက ချမ်းမြေ့စေကိုမော့ကြည့်လာသည်။
