Zawgyi
"ဒီအရိပ်မှာလာပါနားပါ မုန့်လုံးရေပေါ်တွေစားကြ ငရုတ်သီးပါရင်တော့အားနာ စိတ်မဆိုးတတ်ဘူးမဟုတ်လား"
ဖက်နဲ့ထုပ်ထားသောမုန့်လုံးတွေဝေပေးရင်း အသံချဲ့စက်ကဖွင့်ထားသော မိုးမင်းနှင့်လီလီနိုင်ကျော်ရဲ့'ကျီစားတာလား'သီချင်းသံအတိုင်းလိုက်ဆိုနေသည့်ရွှေသွန်းစံကြောင့် ရန်မျိုးအောင်က ကျန်သီချင်းပိုဒ်များကို ချစ်ရသူလေးနောက်မှဟာမိုနီလိုက်ပေးသည်။
ထိုအခါ အတွဲတွေကိုမျက်မုန်းကျိုးနေသောလွင်ဦးကလည်းအားကျမခံပင် ဟိန်းသန့်ကိုပုခုံးချင်းတိုက်ကာ သီချင်းဆိုဖို့အချက်ပြ၏။
"ရွှေမေတ္တာထားတယ်လားကွာ ငရုတ်သီးတွေလောက်တော့သနားတယ် သေဆေးတောင်မင်းကကျွေးရင် ကိုယ်မငြင်းဘူးယုံရဲ့လား"
"ငရုတ်သီးစပ်သွားရင်သနားပါ ချိုတဲ့အချစ်များထပ်ကျွေးနော် အိမ်အထိအောင်တို့လိုက်စားမယ် မင်းအသည်းလေးကျက်ပြီလား"
"ကျီစားသလား"
သီချင်း၏အဓိကနေရာသို့ရောက်သောအခါ မင်းဆက်တို့လူငယ်များသာမက ပိုးအိရဲ့မိခင်အန်တီနုနှင့်မမနန်းကပါ မုန့်လုံးလုံးနေရာမှ သံပြိုင်အော်ဆိုလိုက်ကြသေးသည်။
"မင်းဆက်ရာ"
မုန့်လုံးများပေါ်ကိုအုန်းသီးဖြူးပေးနေသည့်ချမ်းမြေ့စေက ဒယ်အိုးထဲကိုယောက်မနှင့်မွှေနေသောမင်းဆက်ရာရဲ့ဘောင်းဘီစကိုဆွဲကာလက်ယပ်ခေါ်သည်။ ထို့ကြောင့် မင်းဆက်လည်း သူ့သဘောအတိုင်းငုတ်တုတ်ထိုင်ချရင်း အနားကပ်ကာမေးလိုက်၏။
"ဘာတုန်း စေရဲ့"
"ကျီးစားတာကဘာလဲဟင်"
မျက်ဆံနက်ကလေးများအစတောက်ပနေကာ တကယ်ကြီးသိလိုဟန်အပြည့်နှင့်ချမ်းမြေ့စေကြောင့် မင်းဆက်ရာမှာရယ်ချင်သော်လည်းမရယ်ရက်။ မြန်မာ့ဓလေ့နှင့်ပတ်သတ်ပြီး လုံးစေ့ပတ်စေ့အားလုံးသိချင်သော ကပြားလေးရဲ့ပါးကိုသာမနာအောင်ဆွဲဖဲ့လိုက်ရင်း …
"ကျီးစားတာမဟုတ်ပါဘူး … ကျီစားတာဗျ။ ကျီစားတာရဲ့အဓိပ္ပါယ်က ချစ်စနိုးနဲ့စနောက်တာကိုခေါ်တယ်။ သင်္ကြန်တွင်းမှာ မုန့်လုံးရေပေါ်ထဲကိုငရုတ်သီးထည့်ကျွေးပြီးကျီစားတဲ့အကြောင်းကိုသီချင်းရေးထားတာလေ"
