Zawgyi
ကျစွာမင်း၏ကောင်းမှုတော်ဖြစ်သော ပြဿဒ်ကြီးဘုရားကိုရောက်စဉ်တွင် ဘုရားပေါ်၌ နေထွက်ချိန်ကိုကြည့်ရှုသူများနှင့်စည်ကားနေဆဲဖြစ်သည်။
"စေ ... အပေါ်တက်ချင်လား"
ဘုရားရှိခိုးပြီးသည့်ချမ်းမြေ့စေသည် မင်းဆက်ရာကိုမျက်မှန်လေးပင့်ပြီးမော့ကြည့်သည်။
"ကျွန်တော်ပြောခဲ့တဲ့စကားကိုတစ်ခါလောက်တော့ချိုးဖောက်လို့ဖြစ်ပါတယ်"
မင်းဆက်ရာဆက်ပြောလိုက်သောစကားအဆုံး၌ ချမ်းမြေ့စေက ဘုရားပေါ်မှအလျှိုလျှိုဆင်းလာကြသော ပြည်တွင်းပြည်ပခရီးသွားများကို တစ်ယောက်ချင်းလိုက်ငေးမောကြည့်ရှုရင်းပြောသည်။
"သူတို့မြင်ပြီးကျွန်တော်မမြင်ရတဲ့မြင်ကွင်းကို စိတ်နဲ့မှန်းဆကြည့်လို့ရပါတယ်။ အဲ့ဒီအစား ကိုယ်မြတ်နိုးတဲ့အရာတစ်ခုကို ကိုယ်တိုင်ဖျက်စီးမိတဲ့လူတော့မဖြစ်ချင်ဘူး။ စိတ်ထဲမှာမြင်ပြီး ရင်ထဲမှာချစ်မယ်။ တစ်ချို့အရာတွေက အဝေးမှာထားပြီးအလှကြည့်တာအကောင်းဆုံးပဲမဟုတ်လား"
ချမ်းမြေ့စေက တိမ်မယောင်နှင့်နက်သောရေအိုင်တစ်ခုဖြစ်သည်။ ထိုသို့ဆိုလျှင် မင်းဆက်ရာကတော့ ငါးကလေးတစ်ကောင်သာဖြစ်ချင်၏။ ရေအိုင်ငယ်ဟာ ငါးကလေးရဲ့ကမ္ဘာကြီးတစ်ခုလုံးဖြစ်ပြီး နောက်ဆုံးထွက်သက်အထိ ခေါင်းချနေထိုင်သွားချင်သည့် အေးချမ်းရာရိပ်မြုံကလေးလည်းဖြစ်ပြန်သည်။
"စေက ရင့်ကျက်တဲ့လူတစ်ယောက်ဆိုတာ ကျွန်တော်အရင်ကမသိခဲ့ဘူး"
ချမ်းမြေ့စေသည် တိုးဖွဖွရေရွတ်သောမင်းဆက်ရာဘက်ကိုလှည့်ကာ ပါးချိုင့်ရေးရေးပေါ်အောင်ပြုံးပြီး လက်မောင်းမှဆွဲထူ၍ ထိုင်ရာမှထစေသည်။
"ကျွန်တော့်ကို ပြတ်သားကြီးသမိုင်းရှင်းပြဦးလေ ... "
"ဟမ် ... ဘာ ... ဘာကြီး"
"ပြတ်သားကြီးလေ ... ဒီဘုရားကပြတ်သားကြီးမဟုတ်ဘူးလား ... ဘာလဲ ... ကျွန်တော်မှားလို့လား"
ဘုရားထဲမှထွက်လာခဲ့ပြီး Ebikeရပ်ထားရာသို့လမ်းလျှောက်ရင်းပြောလိုက်သည့်ချမ်းမြေ့စေ၏စကားကို မင်းဆက်ရာက ခေါင်းခါရမ်းရင်းရယ်ပါသည်။