Zawgyi
"အောင်မယ် … ဆရာသမားက ကိုရီးယားကားတွေဘာတွေကြည့်လို့ပါလား"
ကျောဘက်ဆီမှရုတ်တရက်ထွက်ပေါ်လာသော မြန်းဆက်ရာ၏အသံကြောင့် မင်းဆက်ရာ Laptopကိုချက်ချင်းပိတ်ချလိုက်သည်။
"မမမြန်းကဝင်လာတာကိုတံခါးလည်းမခေါက်ဘူးဗျာ"
"သုံးချက်ကြီးများတောင်ခေါက်ပါတယ်ရှင် … တော်သာ တော့်ကိုရီးယားကားကိုဈန်ဝင်နေလို့မကြားတာမဟုတ်လား"
မြန်းဆက်ရာက ယူလာသောနွားနို့ခွက်ကိုချရင်းဆိုတော့ မင်းဆက်ရာမှာအူလည်လည်ရုပ်နှင့်မသိချင်ယောင်ဆောင်၏။
"ပြောစမ်းပါဦး … ကိုရီးယားကားတွေဘယ်တုန်းကသဘောကျသွားလဲဆိုတာ"
"သူငယ်ချင်းကကောင်းတယ်ဆိုပြီးညွှန်းလွန်းလို့ပါဗျာ။ အခုတလောကြည့်စရာလည်းကုန်နေတာနဲ့…"
မျက်လုံးလေးမှေးကာအကဲခတ်သလိုကြည့်သောမမမြန်းကို မင်းဆက်က မျက်လုံးပြူးရင်းမေးငေါ့ပြသည်။
"ထားပါတော့ … မနက်ဖြန်ခရီးစဉ်ကဘယ်လိုလဲ"
"မြို့ဟောင်းကိုသွားမှာလေ။ ညအိပ်ခရီး"
"ဟမ် … အဲ့ဒီမှာပဲညအိပ်မှာလား"
"မြို့ဟောင်းထဲအပြင် မြင်းကပါနဲ့ဖွားစောဘက်တွေပါ တစ်ခါတည်းဝင်ခဲ့မှာမို့လို့"
မင်းဆက်ရာက မမမြန်းလာပို့သည့်နွားနို့ကိုတစ်ကျိုက်တည်းမော့သောက်ပြီး ခွက်ပြန်အပ်လိုက်သည်။
"ဒါဆိုလည်း ကောင်းကောင်းအိပ်တော့နော် မင်းဆက်။ မိုးချုပ်တဲ့အထိမနေနဲ့"
မောင်ဖြစ်သူ၏ခေါင်းကိုခပ်ဖွဖွပုတ်ပြီး အပြင်ထွက်သွားသောမြန်းဆက်ရာက တစ်စုံတစ်ခုကိုသတိရသွားဟန်နှင့် အခန်းတံခါးပြန်ဖွင့်ကာ ခေါင်းလေးပြူပြီးပြောသည်။
"ကြိုးစားထား ငါ့မောင်"
မင်းဆက်ရာတစ်ယောက် ဇဝေဇဝါမျက်လုံးများဖြင့် ခေါင်းကိုသာဖိကုပ်မိသည်။
မမမြန်းက ဘာကိုသိလို့ဘာတွေကြိုးစားခိုင်းနေမှန်း မင်းဆက်ရာလည်းနားမလည်တော့ပါ။