၃၄ (Z+U)

1.7K 271 19
                                    

Zawgyi

🎶မြူးကြွတဲ့တေးသံပျံ့လွင့်လို့နေ ကူးပြောင်းစတန်ခူးလေမှာ

တစ်ယောက်တစ်လှည့်မို့လှမ်းကာ ဖြန်းပက်ကြစဉ်

ပိတောက်ဖူးလေးတွေ ပန်ဆင်ထားသူရေ

ခေါင်းကလေးမော့လို့ ပိတောက်ဖူးလေးတွေပန်ဆင်ထားသူရေ 🎶

'ပုဂံမင်းဆက်'အုန်းလက်မဏ္ဍပ်မှထွက်ပေါ်နေသောသီချင်းသံသဲ့သဲ့နှင့်အတူ ရွှေစည်းခုံဘုရားတောင်ဘက်မုခ်မှစတင်ပြီး ညောင်ဦးအဝင်မှာအဆုံးသတ်သည့် ပုဂံ၏လမ်းလျှောက်သင်္ကြန်ကား လွန်ခဲ့သောနှစ်များကထက်ပင် ပို၍စည်ကားသိုက်မြိုက်နေပါသည်။

စကောဝိုင်းတွင်မဏ္ဍပ်နာမည်ရေးကာ ရေမပြတ်ဖြည့်ထားသောစည်ပိုင်းများချထား၍ သင်္ကြန်ပန်းကုံးများနှင့်အလှဆင်ထားသော မင်းဆက်ရာတို့၏မိသားစုမဏ္ဍပ်ကလေးမှာ ရေကစားမည့်လူဟူ၍မနေ့ကအထိဖိုးရှုပ်တို့ကလေးတွေသာရှိသော်ငြား ဒီနေ့မှာတော့ ရန်မျိုးအောင်တို့ပါရောက်လာကြသဖြင့် ဆူညံအသံများကပို၍ကျယ်လောင်လျက်ရှိနေသည်။

"ဟေ့ ဟေ့ နွေမ … ဟေ့ ဟေ့ နွေမ"

အသံပြဲကြီးနှင့်အော်ဆိုသောလွင်ဦးကို ဟိန်းသန့်က အဝါရောင်ရေဖလားနှင့် ဂွပ်ခနဲမြည်အောင်ခေါင်းခေါက်လေသည်။

"ဟ ဘာတုန်းကွ … မင်းဘာလုပ်လို့ငါ့လာခေါက်တာတုန်း"

"ဖွင့်နေတာကသင်္ကြန်မိုး မင်းကဘာကိုနွေမလုပ်နေတာလဲ"

"နွေမလေးတွေကိုတွေ့လို့နွေမလုပ်တာ မင်းအပူပါလား"

မဏ္ဍပ်ရှေ့ကဖြတ်သွားသောရောင်စုံသင်္ကြန်မယ်လေးတွေကို တစ်ယောက်ချင်းလိုက်ငေးရင်းမှ လွင်ဦးက ဟိန်းသန့်ဘက်ကိုလှည့်ကာဟောက်လိုက်သည်။

"ဖွင့်တဲ့သီချင်းအတိုင်းပဲဆို နားငြီးတယ်"

"အေး မင်းပိုနားငြီးအောင်ငါသီချင်းကိုဆိုပစ်ဦးမယ် … ကလေးတို့နားထောင်ချင်လား"

"နားထောင်မယ် ကိုကြီးလွင်ဦး ဆိုပြ ဆိုပြ"

ကလေးတွေကဝိုင်းထောက်ခံသောအခါ လွင်ဦးမှာစိတ်ကြီးဝင်နေသောမျက်နှာနှင့် ယွန်းဆိုင်ထဲဝင်သွားကာ မိုက်သွားယူလေသည်။

လှည်းဝင်ရိုးသံ (COMPLETED)Tempat cerita menjadi hidup. Temukan sekarang