Zawgyi
မင်းဆက်ရာနှင့်ငြင်းခုန်၍ဟိုတယ်ပြန်ရောက်လာသောချမ်းမြေ့စေသည် အခန်းသို့ရောက်လျှင်ရောက်ချင်း ကင်မရာဖလင်လဲခြင်းအမှုကိုအရင်ပြုသည်။ အကြောင်းကမူရှင်းပါသည်။ မနက်ဖြန် ပုပ္ပါးသို့သွားရာတွင် မင်းဆက်ရာပါဝင်သောအမှတ်တရများကို တတ်စွမ်းသမျှဖန်တီးရန်ပင်ဖြစ်သည်။
ပုပ္ပါးတောင်၌မျောက်များရှိသည်ဟု မေမေပြောပြခဲ့ဖူးသည်ကို သူမှတ်မိ၏။ သို့ဖြစ်ပါက မင်းဆက်ရာနှင့်အတူ မျောက်များကိုအစာအဝကျွေးသောအလှူပြုမည်။ ထိုပုံရိပ်များကိုလည်းမှတ်တမ်းတင်ထားမည်။ ပုပ္ပါးတောင်၏ဘက်စုံမွမ်းမံရေး၌လည်းလှူမည်။ မင်ဆက်ရာနှင့်နှစ်ယောက်တွဲဓာတ်ပုံများလည်းအများကြီးရိုက်မည်။
သူတည်းခိုရာအခန်းသို့ မင်းဆက်ရာ၏ဖခင်ဦးမျိုးမာန်ဆက်ရောက်မလာခင်အထိ ချမ်းမြေ့စေ၏ကမ္ဘာမှာ နောက်တစ်နေ့အတွက်စိတ်ကူးများနှင့်ပျော်ရွှင်ဖွယ်အတိဖြစ်နေခဲ့ပါသည်။
"ဦးလေး … သားနဲ့စကားခဏပြောချင်တယ်"
"ဟုတ်ကဲ့ … ဝင်ပါခင်ဗျ"
အခန်းထဲကဧည့်ခန်းတွင် ဦးမျိုးမာန်ဆက်ကိုနေရာပေးပြီး ချမ်းမြေ့စေလည်းပဲ တစ်ဖက်ခုံ၌ဝင်ထိုင်လိုက်သည်။
"အင်း … သားလည်းသိတဲ့အတိုင်း ဦးလေးတို့အညာသားတွေဆိုတာက စကားကိုသွယ်ဝိုက်ပြီးလှတပတဖြစ်အောင်မပြောတတ်ဘူး။ ဒီတော့လိုရင်းကိုပြောတဲ့အခါမှာလည်း ဦးလေးကိုယ်တိုင်တောင်သတိမထားမိပါဘဲ သားကိုအသရေဖျက်မိတဲ့စကားလုံးများပါသွားခဲ့ရင် ဦးလေးကိုခွင့်လွှတ်ပါလို့ ကြိုပြီးမေတ္တာရပ်ခံချင်တယ်"
ဦးမျိုးမာန်ဆက်နှင့်အတူပါလာသောအကြောင်းအရပ်မှာ သာမန်မဟုတ်သောအရေးကြီးသတင်းတစ်ခုဖြစ်ကြောင်းကိုတော့ ဒီလောက်နှင့်ပင် ချမ်းမြေ့စေရိပ်မိလိုက်ပါသည်။
"ဟုတ်ကဲ့ … ဦးလေးပြောစရာရှိတာကို ကျွန်တော့်ကိုအားမနာဘဲပြောပါခင်ဗျ"
ချမ်းမြေ့စေထံမှခွင့်ပြုချက်ရသည်နှင့် ဦးမျိုးမာန်ဆက်၏မျက်နှာသည် ပကတိတည်ကြည်သွားတော့သည်။ အခန်းထဲသို့ဝင်လာခါစအတိုင်း၊ ထိုင်ခုံ၌ဝင်ထိုင်လိုက်စဉ်ကအတိုင်း ချမ်းမြေ့စေကိုအားတုံ့အားနာဖြစ်သောအပြုအမူများလုံးဝကင်းစင်သွားကာ သူ့စိတ်ဆန္ဒတို့အားချမ်းမြေ့စေလက်ခံလာစေရန် တိုက်တွန်းဖိအားပေးတော့မည့်သဏ္ဍာန်တစ်ခုသာရှိတော့သည်။ ထို့နောက် ချမ်းမြေ့စေ၏မျက်လုံးများကိုစေ့စေ့ကြည့်ရင်းမှပင့်သက်တစ်ချက်ရှိုက်၏။