၁၀ (Z+U)

2.4K 338 3
                                    

Zawgyi

နတ်တော်လပြည့်တွင် အလိုတော်ပြည့်ဘုရားပွဲရှိသဖြင့် ပွဲဈေးတန်းရှည်ကြီးက ချမ်းမြေ့စေတို့ကိုစောင့်ကြိုနေသည်။ လူများကြိတ်ကြိတ်တိုးမနေသည့်တိုင် ဘုရားဖူးများနှင့်စည်ကားလွန်းတာကြောင့် ဘုရားပေါ်ရောက်ချိန်အထိ ချမ်းမြေ့စေမှာ မင်းဆက်ရာ၏ခါးကအင်္ကျီစကို လက်ဖြင့်ဆွဲကိုင်ဆုပ်ကျစ်ထား၏။

"အလိုတော်ပြည့်ဘုရားက နာမည်နဲ့လိုက်အောင်ပဲတောင်းတဲ့ဆုတွေပြည့်စေတယ်တဲ့။ စေရော ဘာဆုကိုတောင်းခဲ့လဲ"

"ပြောပြရင်ဆုတောင်းမပြည့်တော့မှာစိုးတယ်ခင်ဗျ"

တိတ်ဆိတ်သွားသောမင်းဆက်ရာကို ဘေးတိုက်မော့ကြည့်လိုက်ရင်း ချမ်းမြေ့စေကထပ်ပြောသည်။

"တမင်တကာလျို့ဝှက်ထားတာမဟုတ်ပါဘူးခင်ဗျာ။ တကယ်ပဲဆုတောင်းပြည့်ခဲ့ရင် အဲ့ဒီအခါ မင်းဆက်ရာကိုပြောပြမယ်လေခင်ဗျ … နော်"

"ဟုတ်ပါပြီဗျာ။ ဘုရားပွဲဈေးလျှောက်ကြည့်ဦးမလား"

"လူများတယ်ခင်ဗျ။ နောက်ဘုရားကိုပဲသွားရအောင်ခင်ဗျာ"

မင်းဆက်ရာကခေါင်းငြိမ့်ပြပြီး ချမ်းမြေ့စေ၏လက်ကောက်ဝတ်ကိုရုတ်တရက်ဖမ်းဆွဲလိုက်သည်။

"ဘာ … ဘာလုပ်မလို့လဲ မင်းဆက်ရာ"

စမ်းရေကြည်၌ ငါးများပွက်၍အနယ်ထသွားသလို ချမ်းမြေ့စေ၏ခန္ဓာတစ်လျှောက် သွေးများဆောင့်ခုန်၍ ကြည်စင်သောပါးမို့မို့ကလေးများမှာ နှင်းဆီရောင်ရောင်သမ်းသွားပါသည်။

"လူတွေများတယ်လေ။ ဒီအတိုင်းခေါ်သွားမလို့ … မရဘူးလား"

ချမ်းမြေ့စေက မိမိလက်ကောက်ဝတ်ထက်မှ မင်းဆက်ရာ၏လက်ကိုဖယ်ချလိုက်သည်။ ထို့နောက် မင်းဆက်ရာ၏ဖဝါးထဲသို့ သူ့လက်ချောင်းများလျှိုသွင်းကာ မြဲမြံစွာတွဲယူလိုက်၏။

"စေ…"

"သွားကြစို့ခင်ဗျ"

ဖျာ၊ အဝတ်အစား၊ အသုံးအဆောင်နှင့်အညာမုန့်မျိုးစုံရောင်းချနေသော ပွဲဈေးတန်းကြီးကိုဖြည်းဖြည်းချင်းဖြတ်ကျော်ရင်း ဆောင်းမနက်ခင်းနှင့်မလိုက်ဖက်စွာပဲ မင်းဆက်ရာ၏နှလုံးသားမှာနွေးထွေးစွာခုန်လှုပ်နေပါသည်။ များပြားသောဘုရားဖူးလူထုကြောင့်တော့မဖြစ်တန်ရာ ဆုပ်ကိုင်ထားမိသောလက်တစ်စုံကြောင့်ပဲဖြစ်ပါလိမ့်မည်။

လှည်းဝင်ရိုးသံ (COMPLETED)Donde viven las historias. Descúbrelo ahora