Zawgyi
အချိန်ကနံနက်၉နာရီဝန်းကျင်ဖြစ်သည်။
မင်းဆက်ရာသည် အမြူးစိတ်ခံလေးဖြင့် မနက်စာကိုပေါ့ပေါ့ပါးပါးစားကာ ရွှေစည်းခုံဘုရားနှင့်မဝေးသောလိုင်းကားဂိတ်သို့ebikeတစ်စီးနှင့်ထွက်လာခဲ့သည်။
ဈေးနှင့်ကပ်လျက်ဖြစ်နေ၍ လိုင်းကားဂိတ်၌လူများကြိတ်ကြိတ်တိုးနေလေသည်။ ညောင်ဦးတစ်ဝိုက်ရွာများမှဈေးဝယ်ဈေးသည်များနှင့် ချောက်၊ကျာက်ပန်းတောင်း၊ပုပ္ပါးအထိပေါက်သောကားပေါ်မှဧည့်သည်များသည် လိုင်းကားဂိတ်စည်ကားရခြင်း၏ပင်တိုင်အကြောင်းပြချက်များပင်ဖြစ်သည်။
"ဦးနိုင်ကြီး ... ကျွန်တော်မှာတဲ့ဟာရောပါရဲ့လားဗျ"
မင်းဆက်ရာသည် ကားဂိတ်ရှိလူထုကိုတိုးဖြတ်၍ ထနောင်းပင်ရိပ်၌ကွမ်းယာထိုင်ဝါးနေသော ယာဉ်လိုင်းတစ်ခု၏ကားမောင်းသမားဦးလေးကြီးကိုမေးလိုက်သည်။
"ဟာ ... အေး ... ပါတာပေါ့ မင်းဆက်ရ။ ခဏစောင့် ... ငါမင်းဟာကိုကားခေါင်းခန်းမှာထားပြီးဂရုတစိုက်ယူလာတာ"
ဦးနိုင်ကြီးသည် သူ၏အဆီတစ်ထပ်အသားတစ်ထပ်ဗိုက်ခေါက်ကြီးကို မနိုင်မနင်းသယ်ကာထွက်သွားပြီး ခဏအကြာ လက်ထဲ၌အထုပ်တစ်ခုပါလာ၍ မင်းဆက်ရာဆီသို့ပြန်လျှောက်လာလေသည်။
"ရော့ ... အလှဆုံးဒီဇိုင်း အလတ်ဆုံးပန်းတွေကိုပဲရွေးလာပေးတာနော်"
ဂျပ်တစ်ထပ်၊ဖော့တစ်ထပ်၊စက္ကူတစ်ထပ်အုပ်ထားသောအရာတစ်ခုအား မင်းဆက်ရာမှဖွင့်ကြည့်လိုက်သောအခါ စကားဝါပွင့်ဖက်တို့အရည်စိမ်ထားသည့်ဖန်ပုလင်းလေးတစ်လုံးထွက်ပေါ်လာသည်။
"ကျေးဇူးပဲ... ဦးနိုင်ကြီး ... ဒီမှာကားခ"
မင်းဆက်ရာသည် ပုလင်းလေးအားသေချာပြန်လည်ထုပ်ပိုးပြီး ကချင်လွယ်အိတ်လေးထဲထည့်ကာ 'ပုဂံမင်းဆက်'ဟိုတယ်သို့ဆက်၍လာခဲ့သည်။
စကားဝါပန်းပုလင်းလေးမှာ ပုပ္ပါးကိုမရောက်ဖြစ်တော့မည့်ချမ်းမြေ့စေအတွက် သူဖန်တီးပေးသောပုပ္ပါးလက်ဆောင်ဖြစ်သည်။ တစ်နည်းဆိုရပါက သူသည် ချမ်းမြေ့စေ၏ဆန္ဒအတိုင်းလိုက်လျောလိုက်ခြင်းပင်ဖြစ်ပါသည်။ ပုပ္ပါးနှင့်ညောင်ဦးပြေးဆွဲသည့်အစောဆုံးကားထွက်ချိန်အမှီအိပ်ရာမှထ,ကာ စကားဝါပုလင်းလေးအားမှာယူခဲ့ခြင်းဖြစ်လေသည်။