Unicode
နွယ်
နွယ်ထူးဆန်းတဲ့ နွယ်
ရင့်သီးတဲ့ နွယ်
နားလည်ရခက်တဲ့ နွယ်
မြတ်နိုးမိတဲ့ နွယ်အရိုင်းဆန်တဲ့ အဲဒီနွယ်ဟာ အခြားသူမဟုတ်။
ကျွန်မ နှလုံးသားကို ထပ်ခါထပ်ခါ ရစ်ငင်တွယ်တဲ့ ကျွန်မချစ်ရတဲ့ သံယောဇဉ်လေး နွယ်။နွယ့်ရဲ့ဖြစ်တည်မှုဟာ....
အပူပိုင်းဒေသရဲ့ ခြောက်ကပ်ကပ် ရာသီဥတုမှာ
ရေငတ်နေသူ တစ်ယောက်အတွက် ချက်ချင်း အေးမြကြည်လင်သွားစေမယ့် ကြည်နူးခြင်း ရေချမ်းစင်လေးလို။ပါးပေါ်တင်လိုက်တိုင်း အေးမြမြအထိအတွေ့နဲ့ မွှေးရနံ့သင်းသင်းကို တပြိုင်နက် ပေးစွမ်းနိုင်တဲ့ ရွှေဘိုသနပ်ခါးလေးလို။
အညာ ထန်းလျက်ခဲစစ်စစ်ရဲ့ စွဲမက်ဖွယ် နူးညံ့မွှေးပျံ့တဲ့ ချိုမြမြ အရသာလို။
စပါးပင်ပျိုများနဲ့ တောအရိုင်းပန်းတို့ရဲ့ မျက်စိ ပဒေသဖြစ်ဖွယ် အရောင်စုံရှုခင်းတစ်ခုလိုမျိုး တုနှိုင်းမမှီတဲ့ အလှဟန်နဲ့ ချစ်စဖွယ် နွယ်။
အဲဒီနွယ်ဟာ တစ်ခါတစ်ရံ နူးညံ့တယ်။
တစ်ခါတစ်ရံ ကြမ်းတမ်းတယ်။
ချစ်ပစ်ချင်စရာ အမှုအရာတွေနဲ့ လူကို ဆွဲဆောင်တတ်သလို အမြင်ကပ်စရာ ဂျစ်ကန်ကန် စရိုက်မျိုးနဲ့လည်း လူကို ယစ်မူးစေတယ်။
အချစ်ဟာ ရုန်းလေး နစ်လေ ဖြစ်တတ်တဲ့ နွံအိုင်ငယ်တစ်ခုဆိုရင် သံယောဇဉ်ဆိုတာဟာ ဖယ်ပစ်လေ နွယ်ရစ်လေ ရှင်းပစ်ရခက်တဲ့ အကိုင်းအခက်တစ်ခုဖြစ်လိမ့်မယ်။
ဒီနွယ်ရဲ့ ညို့ငင်ရစ်ပတ်မှုကိုသာ ခံရရင် ငါဟာ အရှုံးကြီးရှုံးတော့မှာပဲလို့ သဘောပေါက်လိုက်မိတဲ့ အဲဒီအခိုက်အတန့်မှာပဲ အဲဒီ ရီဝေမိန်းမောစေတဲ့ သံယောဇဉ်နွယ်ပင်ဟာ နှလုံးသားရဲ့ အနက်ရှိုင်းဆုံးအတွင်းပိုင်းနေရာအထိ တရစ်ချင်း တရစ်ချင်း ချည်နှောင်တွယ်ပြီးသား ဖြစ်နေခဲ့ပြီ။
အရင်ကတော့ ကျွန်မမှာ များမြောင်တဲ့ အလိုဆန္ဒတွေရှိခဲ့တယ်။
နွယ်နဲ့ ဆုံတွေ့ပြီးတဲ့ နောက်တော့ ကျွန်မရဲ့အတောမသတ်နိုင်တဲ့ လိုအင်ဆန္ဒအားလုံးဟာ နွယ်ဖြစ်လာတယ်။
YOU ARE READING
သံယောဇဉ် နွယ် [Completed]
Romance(Unicode+ Zawgyi) အချစ်ဟာ ရုန်းလေး နစ်လေ ဖြစ်တတ်တဲ့ နွံအိုင်ငယ်တစ်ခုဆိုရင် သံယောဇဉ်ဆိုတာဟာ ဖယ်ပစ်လေ နွယ်ရစ်လေ ရှင်းပစ်ရခက်တဲ့ အကိုင်းအခက်တစ်ခုဖြစ်လိမ့်မယ်။