အပိုင်း ၂
ရွာ၏ အလယ်ပိုင်းဗဟိုရှိ ခြံဝန်းကျယ်တစ်ခုတွင် ခန်းနားထည်ဝါသော ကျွန်းအိမ်ဟောင်းကြီးတစ်လုံးသည် ထီးထီးမားမား ခန့်ခန့်ညားညားကြီး တည်ရှိနေသည်။ အိမ်ကြီးသည်ကား နှစ်ထပ်အိမ်ဖြစ်ပြီး ထုထည်ကြီးမားသော တိုင်လုံးကြီးများဖြင့် ဆောက်လုပ်ထားသည်။
အနည်းငယ်မျှ အိုဟောင်းနေသည့် သဏ္ဌာန် ပေါ်သည့်တိုင် ပန်းအခက်များပုံစံ ထွင်းထုထားသော အဝင်တံခါးကို ကြည့်ရုံမျှဖြင့် ရှေးဟောင်းလက်ရာမပျက် ထိန်းသိမ်းထားသော အဖိုးတန်အိမ်ကြီးဖြစ်ကြောင်းကိုမူ အတပ်သိနိုင်၏။
"ဝင်ခဲ့ကြ မြေးတို့"
အိမ်အရိပ်ကို ချနင်းလိုက်ရုံမျှဖြင့် ဤအသိုက်အမြုံ၏ နွေးထွေးမှုကို ခံစားရမိသကဲ့သို့ အသံကြားရုံမျှဖြင့်လည်း အဘွားဖြစ်သူ၏ မည်သို့မည်ပုံ စောင့်စားမျှော်လင့်နေခြင်းကို ခင်ယွန်းမှီ ခန့်မှန်း သိရှိနိုင်လိုက်သည်။
"မောင်သောင်းရေ အထုတ်တွေကူသယ်ပါကွယ်...အကုန်လုံးကို အပေါ်ထပ်တင်ထားလိုက်။ သူတို့ကိုတော့ အိမ်ထဲလွှတ်လိုက်.... "
ဖြူဖွေးသည် ကြီးမားဝင့်ထည်သော ရှေးအိမ်ကြီးကို မြင်လိုက်သည်နှင့် အနည်းငယ် စိတ်သက်သာရာရသွားသလို သက်ပြင်းချနေသည်။ ထင်သလောက် မဆိုးပါလားဟု ကောက်ချက်ချပြီးနောက်တွင် ခေါင်းတငြိမ့်ငြိမ့်နှင့် မျက်လုံးကလည်း တစ်ခြံလုံးကို အကဲခတ်နေလေပြီ။
" ကြည့်ရတာ အဘွားက တောသူဌေးဖြစ်မယ်နော်.... အိမ်ကြီးက ရှေးနန်းတော်ကြီးကျနေရောပဲ"
ခင်ယွန်းမှီ ပြုံး၍ ထောက်ခံသည့်သဘောဖြင့် ခေါင်းညိမ့်ပြလိုက်သည်။ ဖြူဖွေးကလည်း သူ့အတွေးနှင့်တူ သဘောကျပြီး ပြုံးနေ၏။ သို့သော် မပြုံးနိုင်သူက မေမေဖြစ်သည်။
မေမေ့ခမျာ တစ်သက်လုံး မတွေ့ချင်တော့ဟုဆိုကာ အဆက်ဖြတ်ပစ်ခဲ့သည့် ယောက္ခမကြီးကို ပြောင်ပြောင်တင်းတင်း မျက်နှာချင်းဆိုင်ဖို့ စက္ကန့်ပိုင်းသာ လိုတော့သည်မို့ ဇောချွေးပြန်ကာ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေရှာသည်ပင်။
ESTÁS LEYENDO
သံယောဇဉ် နွယ် [Completed]
Romance(Unicode+ Zawgyi) အချစ်ဟာ ရုန်းလေး နစ်လေ ဖြစ်တတ်တဲ့ နွံအိုင်ငယ်တစ်ခုဆိုရင် သံယောဇဉ်ဆိုတာဟာ ဖယ်ပစ်လေ နွယ်ရစ်လေ ရှင်းပစ်ရခက်တဲ့ အကိုင်းအခက်တစ်ခုဖြစ်လိမ့်မယ်။