Part 16
လတ်ဆတ်သော လေထုနှင့်အတူ စိမ်းမြသော အပင်အိုတို့ဆီမှ မွှေးပျံပျံရနံ့က ပတ်ဝန်းကျင်တစ်ခွင် ကြည်နူးဖွယ် လွှမ်းခြုံလျက်ရှိသည်။
ပေါက်ပန်းပင်၊ ပိတောက်ပင်တို့က လမ်းဘေးဝဲယာ၌ အစီအရီ။ ပွင့်ဖူးရာသီမရောက်သေးသည့်တိုင်အောင် မှိုင်းညို့ညို့စိမ်းသော အကိုင်းအခက်များမှာ မြင်ရသူ မျက်စိအေးဖွယ်။ တူးမြောင်းသဏ္ဌာန် မကျဉ်းလွန်းမကျယ်လွန်းသော ရေစီးကြောင်းတစ်ခု၏ အလွန်၌ နီညိုရောင် ဆိုင်းပုဒ်တစ်ခုမှာမူ နွေးထွေးစွာ ပျုငှာခြင်းကို ပြုနေသယောင်။
ဝက်လက်မြို့မှ ကြိုဆိုပါ၏။
မြို့အဝင်ဆိုင်းပုဒ်ဟာ ထန်းပင်တန်းရွာရှိ ကြိုဆိုရေးဆိုင်းပုဒ်လောက်တော့ ရှည်ရှည်ဝေးဝေး ဖွဲ့နွဲ့၍ ကဗျာဆန်ခြင်း မရှိလှ။ မြို့လေးသည်လည်း သိပ်ကြီးကြီးမားမားမဟုတ်။ မန္တလေး_ရွှေဘိုလမ်းမကြီးနှင့် အနည်းငယ်အလှမ်းဝေးသည်ဖြစ်၍ ယာဉ်အသွားအလာ ရှုပ်ထွေးခြင်းမျိုးလည်း သိပ်မရှိပေ။
စိမ်းလန်းစိုပြည်ရုံမျှမက တိတ်ဆိတ်အေးချမ်းသော နေချင့်စဖွယ် တောမြို့လေးဟုသာ ဆိုရမည်လော။ မြို့အရပ်တို့၏ ထုံးစံဖြစ်သော ဆူညံခြင်း၊ လူနေထူထပ်ခြင်းတို့နှင့် သွေဖီလျက်ရှိသော ထိုမြို့ငယ်ကို ယွန်းမှီ ကြည်ရွှင်လှပသော အပြုံးတစ်ခုနှင့် အလိုလို နှုတ်ဆက်မိလျက်သား။
"မမယွန်း...၊ ဘာတွေပြုံးနေပြန်တာလဲ"
"သဘောကျလို့ပါ ဖြူရယ်၊ ထန်းပင်တန်းရွာကို စရောက်တုန်းကလိုပဲ ဒီမြို့လေးကလည်း ကိုယ့်မွေးရပ်မြေပြန်ရောက်ရသလိုမျိုး ခံစားမိတယ်"
"အေးအေး... နင်ကတော့ အကုန်သဘောကျနေလိုက်ပါ၊ ငါနဲ့ မေမေကတော့ ရန်ကုန်ပြန်မှာ၊ နင်သာ တောသူမ လုပ်နေရစ်ပေါ့"
ယခုအခါတော့ တစ်ယောက်စကား တစ်ယောက်မကြားနိုင်အောင် အခြေအနေက မဆိုးရွားလှချေ။ ကားကလည်း ငြိမ်သည်။ ငြိမ်သည့်အပြင် ဖြေးဖြေးမှန်မှန်နှင့် အရှိန်ကို ဂရုတစ်စိုက်ထိမ်း၍ မောင်းသည့်ပုံလည်း ပေါ်သည်။ အရင်လို နေလည်းမပူ။ ကားခေါင်းပိုင်းတွင် ညီအစ်မနှစ်ယောက်လုံး အလွန်နီးကပ်စွာ ထိုင်ရသည်မို့ ယခုကဲ့သို့ တစ်ယောက်ကိုတစ်ယောက် စကားနာထိုးနိုင်သည်အထိ အေးဆေးစွာ စီးနင်းနိုင်ကြလေသည်။
ŞİMDİ OKUDUĞUN
သံယောဇဉ် နွယ် [Completed]
Romantizm(Unicode+ Zawgyi) အချစ်ဟာ ရုန်းလေး နစ်လေ ဖြစ်တတ်တဲ့ နွံအိုင်ငယ်တစ်ခုဆိုရင် သံယောဇဉ်ဆိုတာဟာ ဖယ်ပစ်လေ နွယ်ရစ်လေ ရှင်းပစ်ရခက်တဲ့ အကိုင်းအခက်တစ်ခုဖြစ်လိမ့်မယ်။