part 31 (Unicode)

8.3K 1K 50
                                    

Part 31

ဆောင်းအကုန် နွေအကူး၌ မြူတို့က တွင်တွင်ဆိုင်း၍ ဝန်းကျင်တစ်ခွင် မှိုင်းပြပြညို့နေသည်။ သစ်ပင်ထက် သစ်ရွက်နုနုတို့ မဝေစည်သေးသော်ငြား ရော်ရွက်ဝါတို့မှာမူမြေ၌ ပြန့်ကျဲရင်း ကမ္ဘာမြေကြီးအား အရောင်စုံသော အလှကိုဆင်နေလျက်။ ပရစ်ဖူးလေးများ စီစီရီသော အကိုင်းအခက်များကိုမြင်လျှင် လွမ်းမောဖွယ်နွေဟာ လက်တစ်ကမ်းမှာပဲရယ်လို့ တွေးကာ ကြည်နူးဝမ်းသာမိရသည်။

သည်‌နွေ၊ သည်မြေနှင့် သည်အညာ ။ ဘယ်ခါမရိုးနိုင်သော အရိုင်းဆန်သည့် အလှတရားတို့၏ မွေ့လျော်စံစားရာ သည်ဒေသ....။

လမ်းဘေးဝဲယာရှိ ထနောင်းပင်အိုတို့မှာ မြမြစိမ်းနေသည်။ မကြာမီ ရွက်နုလှိုင်လှိုင်ဝေ၍ ပတ်ဝန်းကျင်ကမ္ဘာကို အစိမ်းနုရောင် ခြယ်စေတော့မည်။ သစ်ပင်တို့၏ အဆင်တန်ဆာဖြစ်သော အရွက်တို့၏သဘောမှာ မဝေသစ်ခင် ကြွေလှစ်ရမြဲဖြစ်သည်။ ကြွေခါနီး ဝါဝါဆွေးသော ရွက်တို့က အကိုင်းထက် တွဲလဲခိုကာ လေအဝှေ့၌ ခုန်ဆင်းသက်တော့မည်ဟန်ပြင်နေသည်။
ရွက်ဝါတို့မှသည် ရွက်ခြောက်တို့အဖြစ် တဟုန်ချင်း ပြောင်းလဲကြရသည်မှာလည်း လောက ဓမ္မတာတည်း။

ထို့သို့ တစ်လွှာချင်း ကြွေပြီးလျှင်တော့ တစ်ရွက်ချင်းဝေဖို့ တစ်ဖန် အလှည့်ကျပြန်သည်။ တစ်ပင်လုံး၌ ရွက်သစ်နုတို့ ဝေ‌ဝေဆာပြီဆိုလျှင် တစ်တောလုံးကို စိမ်းရင့်ရောင်လွှမ်း၍ နူးညံ့သော ရနံ့ကသာ ဖုံးလွှမ်းနေတော့မည်ထင်သည်။

ရာသီစက်ဝန်း၏ ရွေ့လျားခြင်း၌  သစ်ခက်သစ်ရွက်တို့သည် အ‌ရောင်စုံသော ပြောင်းလဲခြင်းမျိုးဖြင့် ၎င်းတို့၏ တာဝန်ကို ကျေပွန်တတ်ကြသည်ပင်။

အချိန်ဟူသည်လည်း ဤသို့ပင် ရွေ့လျားတတ်ခြင်းသဘောရှိသည်။ ချစ်ခြင်းရယ်၊ မေတ္တာရယ်ဟု တင်တင်စားစားပြောခဲ့ဖူးသည့်အချိန်အခါတို့သည်လည်း အတိတ်၏ တစ်နေရာမှာ ကျန်ခဲ့တတ်သည်။ သမုဒယသစ္စာတို့ကို ရင်ဝယ်ပိုက်ရင်း လွမ်းလျက်ကျန်နေရသူအဖို့တော့ ပြောင်းလဲတတ်သည့် အချိန်ဟာ ဆေးကောင်းတစ်ခွက်မှ မဟုတ်ခဲ့ပါကောလေ။ ဘာကိုမှ မကုစားနိုင်။ ဘာကိုမှ မမေ့ဖျောက်နိုင်။

သံယောဇဉ် နွယ် [Completed]Where stories live. Discover now