အပိုင်း ၄
ဒေါက် ဒေါက် ဒေါက်!!
ဘွားမှီ၏ အိမ်အိုကြီးတွင် တဒေါက်ဒေါက် မြည်သံတို့က ကျယ်လောင်စွာ ဖုံးလွှမ်းထားလျက်။ ၎င်းတို့သည်ကား အခြားမဟုတ်။ အိမ်ကြီးအလယ်၌ ရွာထဲမှ အမျိုးသမီးများ စုကာ ဝိုင်းကာ မြေပဲခွာနေကြခြင်းသာဖြစ်သည်။
ဖြူဖွေးသည်လည်း ယွန်းမှီကဲ့သို့ပင် ရွာမှာအတော်လေးနေသား ကျနေပြီဖြစ်၏။ ရွာထဲ၌ အသံအစာဆုံး သာလိကာဟု တင်စားရသည့် အပျိုကြီး မလုံးတင်၊ ကလေးနှစ်ယောက်အမေ မရွှေလှိုင်နှင့် အနေအေးဆုံးနှင့် အတည်ငြိမ်ဆုံး မကြည်ပြာတို့အပါဝင် အခြားပျိုဖြူတို့နှင့်လည်း ရင်းနှီးကျွမ်းဝင်နေပြီ။
ဖော်ရွှေပျူငှာသော ကျေးတောသူများမှာ ခင်မင်ရန်သိပ်မခက်လှ။ တစ်အိမ်စီလှည့်၍ ထမင်းစားလာခဲ့ပါရန် ဖိတ်ကြ ခေါ်ကြသူ များလွန်းလို့ မနည်းပင် တားယူရသေး၏။ လာရောက် နှုတ်ခွန်းဆက်ကြသူများကလည်း တဖွဲဖွဲ။
ယခုလည်း အလုပ်နားသော အချိန်၌ ဘွားမှီအိမ်တွင် မြေပဲလာခွာရင်းဖြင့် ယွန်းမှီတို့ ညီအစ်မနှစ်ယောက်အား အဖော်လုပ်ပေးနေကြလျက် ခင်မင်မှုကို ပြသကြပြန်သည်ပင်။
"ကျုပ်တို့ရွာက ကာလသားတွေ ထောင်ထောင် မောင်းမောင်းနဲ့ အားကိုးချင်စရာမကောင်းဘူးလား ဖြူရေ့..ပြောစမ်းပါဦး ညည်းတို့ ရန်ကုန်သားတွေနဲ့ ဘာကွာတုန်း"
"ဖြူ့မျက်လုံးထဲတော့... သေချာပေါက် ကွာတာပေါ့ ရန်ကုန်က ဖြူ့သူငယ်ချင်းကောင်လေးတွေဆို ဖြူဖြူသန့်သန့်လေးတွေချည်း... သိလား ဒီက ငမဲကြီးတွေနဲ့ ဘာမှမတူဘူး"
တစ်ရွာထဲသားနှင့် အိမ်ထောင်ကျ၍ ကလေးနှစ်ယောက်မွေးထားသော မရွှေလှိုင်က ကိုယ့်ငါးချဉ် ကိုချဉ်နေသည်ကို ဖြူကလည်း အားကျမခံ ခပ်စွာစွာလေး ပြန်ပက်သည်။ ထိုအခါ ယောက်ျားမရမည့်တူတူမို့ တစ်ရွာထဲသားများကို လူမထင်တော့သည့် အပျိုသိုးကြီးတစ်ဖြစ်လဲ မလုံးတင်က မမြင်ဖူးသည့် မြို့သားလေးများကို ဖြူနှင့်အတူ ရောနှော ထောက်ခံပေးရှာ၏။
"အမလေး ဖြူရယ် မှန်လိုက်လေ ၊ ဒီရွာက သကောင့်သားတွေ တစ်ယောက်မှ အချိုးမပြေဘူး၊ သူတို့မရနိုင်တဲ့ မိန်းကလေးများ တခြားရွာကကောင်နဲ့ ကြိုက်သွားကြပြီဆိုရင် ပဝါပါးနဲ့ ကြက်သားထုတ်တော့ စွန်းတတ်တယ် တစ်ရွာသားကို ရည်းစားလုပ်တော့ ငုတ်တုတ်လွမ်းရမှာပဲဟေ့ဆိုပြီး ခနဲ့တဲ့တဲ့ ရွဲ့တဲ့တဲ့ လုပ်တတ်ကြသေးတာ"
YOU ARE READING
သံယောဇဉ် နွယ် [Completed]
Romance(Unicode+ Zawgyi) အချစ်ဟာ ရုန်းလေး နစ်လေ ဖြစ်တတ်တဲ့ နွံအိုင်ငယ်တစ်ခုဆိုရင် သံယောဇဉ်ဆိုတာဟာ ဖယ်ပစ်လေ နွယ်ရစ်လေ ရှင်းပစ်ရခက်တဲ့ အကိုင်းအခက်တစ်ခုဖြစ်လိမ့်မယ်။