Part 7
"ငုဝါရာ... အိမ်ထဲထိတော့ ဝင်ကြရအောင်လားကွာ နော်"
"ခက်ပါလား မောင်ရာ ... မဝင်ချင်ပါဘူးဆို"
"ဒါဆို မောင်ပဲသွားလိုက်မယ်"
"မရဘူး မောင်၊ မောင် မသွားရဘူး"
စောမောင်နှင့် ငုဝါတို့၏ အသေးစား စကားပြိုင်ပွဲမှာ ဧည့်သည် ယွန်းမှီဟာ ပွဲကြည့်ပရိတ်သတ် ဖြစ်နေရသည်။ ထို့အတူပင် နွယ်ဟာလည်း ခြံဝက ထိုနှစ်ယောက်ကို မျက်တောင်မခတ် ငေးကြည့်နေလျက်။
"ကဲပါလေ... ၊ မသွားတော့ဘူး ဟုတ်ပြီလား၊ ဒီနားကပဲ ပြောတော့မယ်"
မောင်ဆိုသူက စိတ်ညစ်သွားဟန်ဖြင့် သက်ပြင်းတစ်ချက်ရှိုက်သည်။ ပြီးမှ နွယ်ရှိရာသို့ မျက်နှာမူရင်း အသံကိုမြှင့်ကာ ပြော၏။ ခြံစည်းရိုး တံခါးအဝမှာ ခြေစုံရပ်နေသည့် သူ့ ခြေထောက်များကတော့ နည်းနည်းလေးမျှတောင် မရွေ့လျားပါချေ။
"နွယ်ရေ...၊ တို့နှစ်ယောက်ကို အဘွားလေးက လွှတ်လိုက်တာ၊ နွယ့်ဆီမှာ ရွာဘုန်းကြီးကျောင်းအတွက် အလှူခံထားတဲ့ ငွေတွေရှိတယ်ဆိုလို့ အဲတာ ယူခိုင်းလိုက်တာ"
ထို့သူ့ စကားအဆုံးမှာ နွယ်သည် ခုဏကနှင့်မတူ။ စိတ်ကို ထိန်းချုပ်ထားနိုင်သည့် ဟန်ဆောင်ကောင်းသူတစ်ယောက်လို အမှုအရာများက တည်တည်ငြိမ်ငြိမ်ဖြစ်သွားခဲ့ပြီ။
နွယ့် မျက်နှာထက်သို့ ဖြတ်ပြေးသွားသော ပြောင်းလဲခြင်းအရိပ်အယောင်များအား အသေအချာလိုက်လံ အကဲခတ်ပါသော်လည်း ဖမ်းမမိနိုင်။ နွယ် ဟာ မ,စိမ်းကားကြီးမှသည် ဟန်ဆောင်ကောင်းသူကြီး အဖြစ်သို့ မြန်မြန်ဆန်ဆန် ကူးပြောင်းသွားသည်။
နွယ်သည် ခဏအကြာ၌ အိမ်ထဲသို့ ချာခနဲ လှည့်ဝင်သွားပြီး စာအုပ်တစ်အုပ်နှင့် ငွေအချို့ကို ကိုင်လျက် ပြန်ထွက်လာ၏။
ထို့နောက် ဘေးနားမှာ ကြောင်တောင်တောင်လေး ငေးနေသည့် ခင်ယွန်းမှီထံသို့ ၎င်းတို့ကို ကမ်းပေးလိုက်ရင်းဖြင့် _
"ဒါတွေ ယူသွားပေးလို့ရမလား "
"ရှင်... ဟုတ်..ဟုတ်ကဲ့"
YOU ARE READING
သံယောဇဉ် နွယ် [Completed]
Romance(Unicode+ Zawgyi) အချစ်ဟာ ရုန်းလေး နစ်လေ ဖြစ်တတ်တဲ့ နွံအိုင်ငယ်တစ်ခုဆိုရင် သံယောဇဉ်ဆိုတာဟာ ဖယ်ပစ်လေ နွယ်ရစ်လေ ရှင်းပစ်ရခက်တဲ့ အကိုင်းအခက်တစ်ခုဖြစ်လိမ့်မယ်။