part 6 (Unicode)

9K 923 72
                                    

အပိုင်း ၆

" နှစ်ကိုယ် သစ္စာ ထားချင်ရဲ့
နွဲ့ဒေဝီမယ်..ရယ်....
သွေဖီနဲ့ကွယ် မပိုင်သေးတဲ့သူမယ်
မှိုင်ငေးကာကွယ် ...
တွေးရပါတော့တယ် ...
ခင်မင်ကြင်နာစိတ်တွေ တားမရတယ်
မောင့်သက်လှယ်ရယ်
မမုန်းတန်းပ ကြံဆရွယ် "

မကျဉ်းလွန်း မကျယ်လွန်းသော ခြံဝန်းငယ်သို့ ယွန်းမှီ ခြေချမိသည်နှင့် တိုးလျလျ ပျံ့လွင့်လာသော သီချင်းသံက နားစည်ကို ငြိမ့်ညောင်းသာယာစွာ ထိခတ်သွားသည်။

ထန်းရွက်မိုး အိမ်ကလေးသည်ကား သေးသေးငယ်ငယ်ပင်။ အိမ်တိုင်လေးများကပင် ထန်းတိုင်လုံးများနှင့် ဆောက်လုပ်ထားခြင်းဖြစ်၏။
အိမ်ရှေ့တွင် ထန်းလက်လျှော်ဖြင့် ရက်လုပ်ထားသော ထိုင်ခုံများ၊ တောင်းများအပြင် လုပ်လက်စ အပြီးမသတ်သေးသည့် ကုလားထိုင်များက ပျံ့ကြဲနေလျက်။

ထန်းပင်တန်းရွာဟူသော နာမည်နှင့် အလိုက်ဖက်ဆုံးသော ဤနေရာလေးသည်ကား ‌နွယ်တို့အိမ်ပင် ဖြစ်ချေတော့သည်။

နွားချည်တိုင် ဖြစ်ဟန်တူသော အိမ်ဘေးက တိုင်လုံးတွင် နွားမရှိ။ ညစ်ညစ်ထေးထေး ကြိုးတစ်ချောင်းသာ တွဲလျောင်းကျနေသည်။
အိမ်နောက်တစ်ဝိုက်တွင် စိမ်းစိုသော အပင်ငယ်များက အကွက်လိုက်လေး ပေါက်ရောက်နေလျက်။ သေချာစိုက်ပျိုးထားဟန်တူသော ထိုနေရာလေးမှာ ယွန်းမှီ အမျိုးအစားမခွဲတတ်သော အပင်စုလေးများက ဟိုဟိုဒီဒီ ပြန့်ကျဲနေသည်။

" မာနရှင်ရယ် ..
မုန်းမာန်မဝင်နဲ့ကွယ်
နှိုင်းယှဉ်ကာပြမယ် ...
ခင်ပန်ဆင်တဲ့ ပန်းတော်ဝင်နွယ်....
အချိန်တန်တော့ရင် နွမ်းပျော့မတည်မြဲတယ်
ဪ... ခင်လည်း ဒီလိုပဲလို့....
စွဲမှတ်သားဖွယ် ..."

သီချင်းသံ သဲ့သဲ့က ထိုအိမ်ငယ်မှ ဆက်လက် ထွက်ပေါ်နေဆဲပင်။ လယ်ကွင်းထဲ၌ ကြားဖူးခဲ့သော မြူးကြွကြွ တေးသံနှင့်မတူ။ ဆွေးဆွေးမြေ့မြေ့နှင့် အလွမ်းဓာတ်ကဲသော သီချင်းကို သူမက ဆွဲဆွဲငင်ငင်လေး သီဆိုနေရှာသည်။

အော်ခေါ်ရခက် ဝင်သွားရခက်မို့ အိမ်အပြင်ကပင် တိတ်တဆိတ် ရပ်နေမိသည်မှာ ထိုသီချင်းသံ ပြီးဆုံးသွားသည်အထိ ငြိမ်သက်စွာပင်။ အညိုရောင် တေးသီငှက်လေးကတော့ သီချင်းကို လှလှပပလေး အဆုံးသတ်နေသည်။

သံယောဇဉ် နွယ် [Completed]Où les histoires vivent. Découvrez maintenant