Part 29
"အစ်မ ကျွန်တော်မြို့ပေါ်သွားမလို့ ဘာမှာဦးမလဲဗျ"
စောမောင်၏ ယဉ်ကျေးလှသော အပြုံးချိုချိုသည် ယွန်းမှီနှင့် ဆုံလေးတိုင်း အမြဲလိုလို ပေါ်လာတတ်သည်။ ဝက်လက်မြို့ပေါ်မှာ အလုပ်ရှုပ်နေတတ်သော စောမောင်တစ်ယောက် ရွာမှာ ခြေချုပ်မိအောင် စွမ်းနိုင်သူမှာလည်း ယွန်းမှီတစ်ယောက်သာရှိသည်။ ဦးအောင်မြိုင်ကတောင် ယွန်းမှီအား စသလိုလိုနောက်သလိုလိုနှင့် ချွေးမလေးဟု ခေါ်နေပြီဖြစ်သည်။
မလုံးတင်တို့ မရွှေလှိုင်တို့ ပါးစပ်ဖျားတွင်လည်း စောမောင်၏ အချစ်ကြီးပုံက ရေပန်းစားနေလျက်ပင်။ တိတ်တိတ်လေးချစ်နေမည့်လူစားထဲမှာ စောမောင်မပါ။ အပေါင်းအသင်းစုံလျှင် အချစ်အကြောင်းများသာ ဆွေးနွေးကြသည်လောမပြောတတ်။ စောမောင်တစ်ယောက် ယွန်းမှီအား ကြိုက်နေသည့်အကြောင်းမှာ ရပ်သိရွာသိပါပင်။
"အစ်မဟာလေ ကျွန်တော့်ကိုဆို အမြဲလျစ်လျုရှုနိုင်တာပဲနော်"
"မဟုတ်တာ စောမောင်ရယ်၊ အစ်မ မကြားလိုက်လို့ပါ"
ပဲသီးတောင့်ရှည်ကို လက်ဖြင့်ဆိတ်ရင်းက ယွန်းမှီ ခွန်းတုံ့ပြန်လိုက်သည်ကို စောမောင်မကျေနပ်။ အလေးထားစရာမလိုသည့်ကိစ္စလို စကားပြောလျှင် မျက်လုံးချင်းမဆုံတတ်သည်ကိုလည်း စောမောင် စိတ်မကောင်းဖြစ်ဟန်တူသည်။
"ကျွန်တော်နားလည်ပါတယ်လေ၊ ချစ်သူနဲ့ မုန်းသူ ခြားက အလေးထားပုံချင်း ကွာခြားတတ်တာ ပုံမှန်ပါပဲ၊ အစ်မအတွက်တော့ ကျွန်တော်စောမောင်က မုန်းသူမဟုတ်လား"
"မချစ်နိုင်ဘူးဆိုတာ မုန်းတယ်လို့ မဆိုလိုဘူးရယ်လေ၊ ဒါကို မင်းတို့လိုယောကျာ်းလေးတွေတော်တော်များများက မှားပြီး ယူဆနေကြတာ၊ ချစ်လားလို့မေးတာကို မချစ်ဘူးလို့ဖြေလိုက်ပြီဆို
သူတို့ကို မုန်းနေတယ် ထင်သွားကြရော အခက်သားပါလား"စောမောင်က ခြင်းတောင်းထဲက ပဲသီးတောင့်တွေကို လှမ်းဆွဲသည်။ ထို့နောက် လက်ဖြင့်ဆိတ်ချိုးသည်။ ယွန်းမှီ၏ တည်တံ့သော အပြုံးမျိုးနှင့် စကားပြောပုံကို တိတ်ဆိတ်စွာငေးသည်။
ESTÁS LEYENDO
သံယောဇဉ် နွယ် [Completed]
Romance(Unicode+ Zawgyi) အချစ်ဟာ ရုန်းလေး နစ်လေ ဖြစ်တတ်တဲ့ နွံအိုင်ငယ်တစ်ခုဆိုရင် သံယောဇဉ်ဆိုတာဟာ ဖယ်ပစ်လေ နွယ်ရစ်လေ ရှင်းပစ်ရခက်တဲ့ အကိုင်းအခက်တစ်ခုဖြစ်လိမ့်မယ်။