part 15 (Zawgyi)

709 112 5
                                    

Part 15

"အမိကို နွယ် မပြောခဲ့ဘူးလား အမိရယ်၊ နွယ့်ဆီမှာ ငြိရင် ကံဆိုးတတ်တယ်လို့၊ အမိ‌တော့ နောက်မှ နောင်တရနေတော့မယ်ထင်ပါရဲ့ ၊ ဒီနွယ်ပင် ရှင်သန်ဖို့ဆိုရင်တော့ အဲဒီ မြေဆီလွှာကို တစ်သက်လုံး လိုအပ်မယ်ထင်တော့တာပါပဲ..၊ ကဲ...အဲလိုများဆိုရင် အမိ ဘယ်လိုလုပ်ပါ့မယ်ကွယ်...ဟင် "

အကြည့်တွေကို အမြဲ ရှောင်နေခဲ့သူ ၊ အနားမှာ အတူရှိပါလျက် မျက်နှာလွှဲနေတတ်သူ၊ ချိုသာဖော်ရွေတဲ့ စကားမျိုးနဲ့ ဟန်ဆောင်၍တောင် မဧည့်ခံတတ်သူ... ရင့်သီးလွန်းပါတဲ့ နွယ်....

အဲဒီနွယ်ဟာ အခုများတော့ဖြင့် မိမိ၏ မျက်ဝန်းများထဲသို့ စူးစူးနစ်နစ် စိုက်ကြည့်ရင်းဖြင့် မိမိအား လိုအပ်ပါတယ်ဟု ပွင့်ပွင့်လင်းလင်း ဝန်ခံနေလေပြီ။

အပေါ်စီးမှာ အုပ်မိုးထားသူကို ယွန်းမှီ သဘာဝကျကျ ပြန်၍ မတုံ့ပြန်နိုင်။ မူလအစကတည်းက အကြင်နာ ဓာတ်ခံလေးရှိခဲ့သူမို့ ဤကဲ့သို့ နီးကပ်မှုမျိုးအား ဘာမှမဖြစ်သလို လျစ်လျူရှုထားဖို့ ခဲယှဉ်းလှပေ၏။

"အမိ...မျက်စိဖွင့်ပါဦး"

ယောင်ယမ်းပြီး မျက်လုံးတွေကို စုံမှိတ်ထားမိသည့် ယွန်းမှီ၏ နှာခေါင်းထိပ်ဖျားကို နွယ်က လက်ဖြင့်တို့ကာ ကျီစယ်သည်။ မျက်လုံးများကို မဝံ့မရဲဖွင့်ကြည့်တော့ နွယ့်မျက်နှာက ပြုံးစစ။ သွားတန်းလေးတွေ စီစီရီရီပေါ်သည်အထိ နွယ့်နှုတ်ခမ်းထက်၌ အပြုံးတစ်ခုက ဖူးပွင့်နေလျက်။ တောက်ပနေသည့် အနက်ရောင် မျက်ဝန်းများနှင့် အပြိုင် လူကို ညို့ငင်ယူနေသည့် နှုတ်ခမ်းစွန်းက မှဲ့နက်လေး။

"ဟောတော်...၊ အမိ.. ဘယ်ချိန်ထိ စိုက်ကြည့်နေမှာလဲ..၊ လူကို ဒီလိုကြည့်တတ်တာ အမိ ဝါသနာလား"

"အို... မဟုတ်... မဟုတ်တာ"

"ဟုတ်ရဲ့သားနဲ့ကွယ်၊ ခုဏကတည်းက နွယ့်ကို စိုက်ကြည့်နေတာပဲကို၊ ရွာအဝင်မှာ စစတွေ့တုန်းကလည်း ဒီလိုပဲနော်၊ အဲတုန်းက အမိ နွယ့်ကို အကြာကြီးစိုက်ကြည့်နေတာ မျက်တောင်နှစ်ခါပဲ ခတ်ခဲ့တယ်"

"ဟမ်..."

ကြောင်တောင်တောင် အမှုအရာနှင့် မျက်စိကလယ်ကလယ်လုပ်နေသော ယွန်းမှီကို ကြည့်၍ နွယ်က ရယ်သည်။ ပြုံးရုံမျှမက ခစ်ခနဲ တစ်ချက်ရယ်လိုက်ခြင်းပါပင်။ နွယ့်ရယ်သံလေးဟာလည်း နွယ့်လိုပဲ လှရက်ပြန်သည်။

သံယောဇဉ် နွယ် [Completed]Where stories live. Discover now