Part 30
ကျယ်လောင်သော ငိုရှိုက်သံတစ်ခုက ကောင်းကင်ကို ထိုးခွင်းဖောက်သွားသည်။
ကျယ်ပြောသော မျက်ရည်ပင်လယ်ဝယ် အမျိုးသမီးတစ်ဦးသည် မောပန်းစွာ လက်ပစ်ကူးနေရရှာသည်။ထိုအမျိုးသမီး၏ ရင်၌ သောကရှိသည်။ မောဟရှိသည်။ ထို့နောက် ပြင်းစွာသော နောင်တတစ်ခု ရှိလေသည်။
"အမေ့ကို ထားခဲ့မိတာ မှားတာ၊ အမေ့အနားမှာ အတူရှိပေးရမှာ၊ အမေက သူ့ရွာကို သိပ်ချစ်တာရယ်...အမေက သူ့သားကိုလည်း လွမ်းနေရှာမှာ၊ သူ့ဘေးနားဘယ်သူမှမရှိတော့ အမေ အထီးကျန်နေရှာမှာ"
"နှင်းဖြူရယ်...၊ အရီးလေးက တရားသိပါတယ်၊ သူ့အတွက် သေဆုံးခြင်းဆိုတာ ကြိုတင်ပြင်ဆင်ထားပြီးသား ကိစ္စပါကွယ်"
"ကျွန်မကြောင့် အမေသေရတာ၊ သူ့သားနီတာ့ကို ကျွန်မ ခေါ်သွားခဲ့လို့ အမေဒီလိုဖြစ်ရတာ၊"
ဦးလေးအောင်မြိုင်၏ နှစ်သိမ့်ခြင်းကိုလည်း မေမေတစ်ယောက် မခံယူနိုင်။ အမြဲလိုလို အမြင်မကြည်ခဲ့လေသော ယောက္ခမဖြစ်သူအား တွေးမိရုံမျှဖြင့် စိတ်ညစ်ရပါသည်ဟု ညည်းညူခဲ့မိသမျှ မေမေဟာ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေရသည်။
"မနှင်းရယ်... စိတ်လျှော့ပါ"
ဖေဖေက နှစ်သိမ့်လေ မေမေက ငိုလေဖြစ်သည်။ ဖြူဖွေးသည်လည်း မေမေ့အနားမှာ မျက်ရည်မဆည်နိုင်ပေ။
ယွန်းမှီမှာ မျက်ရည်မကျမိ။ ထို့အပြင် မျက်တောင်မျှ မခတ်မိ။ စူးစိုက်ကြည့်သောအခါ ငြိမ်သက်ခြင်းကိုတွေ့သည်။ မှိတ်နေသော မျက်လုံးအစုံနှင့် မရယ်မပြုံး နှုတ်ခမ်းများကြောင့် ဤလူသားဟာ အိပ်စက်နေရုံမျှဟု အထင်မှားမိသည်။ ခြေရင်းတွင် ပြင်ဆင်ပေးထားသည်က ဘွားမှီအကြိုက် ဆေးပေါ့လိပ်နှင့် ရေနွေးကြမ်း။
နေဝင်ချိန်၌ အနားမှာ လူတစ်ယောက်တစ်လေမျှမရှိခဲ့ပါ။ မီးမသေသေးသော သောက်လက်စ ဆေးလိပ်တိုတစ်ခုကသာ အငွေ့အသက်ဖြူဖြူတို့ဖြင့် အနားမှာ အဖော်ပြုပေးခဲ့သည်။ သို့သော် ဤကဲ့သို့ တိတ်တဆိတ် စွန့်ခွာရခြင်းကိုသာ ဘွားမှီ ကျေနပ်သဘောကျမည်ထင်ပါ၏။
VOCÊ ESTÁ LENDO
သံယောဇဉ် နွယ် [Completed]
Romance(Unicode+ Zawgyi) အချစ်ဟာ ရုန်းလေး နစ်လေ ဖြစ်တတ်တဲ့ နွံအိုင်ငယ်တစ်ခုဆိုရင် သံယောဇဉ်ဆိုတာဟာ ဖယ်ပစ်လေ နွယ်ရစ်လေ ရှင်းပစ်ရခက်တဲ့ အကိုင်းအခက်တစ်ခုဖြစ်လိမ့်မယ်။