Goodbye letter ✨
မင်္ဂလာပါ
စာရေးသူ AKira_LOONပါတဲ့
သံယောဇဉ်နွယ်အကြောင်း နည်းနည်းလေးပြောရင်း နှုတ်ဆက်ချင်လို့ပါနော့ပထမဦးဆုံး ကျေးဇူးတင်ပါတယ်ကစပြီး ပြောပါရစေ ၊ တကယ်ပါ နွယ်နဲ့ ယွန်းမှီတို့ကိုယ်စား ကျေးဇူးတင်ရသလို စာရေးသူတစ်ယောက်အနေနဲ့လည်း ကျေးဇူးတင်ပါတယ်
စာဖတ်သူတစ်ဦးဆီက "ဖန်တီးပေးလို့ ကျေးဇူးပါ"ဆိုတဲ့ စကားကြားရတိုင်း အကြီးမားဆုံး ပီတိနဲ့ အကြည်နူးရဆုံးဖြစ်ခဲ့ပါတယ် ၊ တကယ်တော့ သံယောဇဉ်နွယ်ဟာ ကိုယ့်ရဲ့ စိတ်ထွက်ပေါက်တစ်ခုအနေနဲ့ ရေးချမိတဲ့အရာတစ်ခုဖြစ်ပါတယ်။
စိတ်ကို healingဖြစ်စေဖို့၊ ကြည်နူးခြင်းကို ဖန်တီးဖို့ ရည်ရွယ်ပြီး ဒီfictionကို ရေးခဲ့တာပေါ့၊ အချိန်မရတဲ့ကြားက ရတဲ့အချိန်ကို ကုတ်ကက်ပြီး ရေးခဲ့တာ၊ လက်ရှိကို မေ့ဖို့ စိတ်ကူးယဉ်ကမ္ဘာတစ်ခုကို ဖန်တီးခဲ့တာ ဒါပေမဲ့... ရည်ရွယ်ချက်ပေါက်မြောက်ခဲ့သလားဆိုတာတော့ မသိပါဘူးရယ်
သံယောဇဉ်နွယ်ကို ဖတ်နေရင်း ပြုံးမိသလား၊ ငိုမိသလား၊ ရယ်မိသလားဆိုတာကတော့ စာဖတ်သူတို့ အပေါ်မှာမူတည်ပါတယ်၊ တခြားသူကို ညွှန်းချင်မိအောင် ခံစားရသလားဆိုတာလည်း စာဖတ်သူတို့ ဆုံးဖြတ်ရမှာပါပဲ
တစ်ပိုင်းနဲ့ တစ်ပိုင်းကြားက အချိန်ဟာ သိပ်ကိုကြာလွန်းခဲ့ပါတယ်၊ စိတ်ရှည်ရှည်နဲ့ စောင့်ဖတ်ပေးကြတာကိုတော့ တော်သေးတာပေါ့လို့ တွေးမိရတယ်၊
ကိုယ့်အနေနဲ့ ဒီမှာ တစ်ခုတောင်းဆိုချင်တာရှိပါတယ်
သံယောဇဉ် နွယ်ဟာ ဖတ်ချင်စရာပါလို့ တွေးမိရင်ပဲဖြစ်ဖြစ်၊ ယွန်းမှီနဲ့ နွယ့်ဆီ နောက်တစ်ခေါက် အလည်သွားဦးမယ်လို့ တွေးမိရင်ပဲဖြစ်ဖြစ်၊ လွမ်းလာပြီဆိုရင် အပိုင်း ၁မှစလို့ အဆုံးထိ တစ်ခေါက်လောက် ပြန်ဖတ်ကြည့်ပေးပါ။
Updateကြာလို့ တစ်စွန်းတစ်စ စောင့်ဖတ်ရတုန်းကနဲ့ မတူတဲ့ ခံစားမှုမျိုးကို ခံစားကြည့်ပေးပါ။
ဒါမှ နွယ့်ဒိုင်ယာရီကို ရောက်ပြီဆိုရင် အဆက်အစပ်ကို အမှတ်ရမယ်ထင်လို့ပါ။
( နွယ့်ဒိုင်ယာရီက သေချာပေါက်လာမှာပါ၊ ဘယ်အချိန်ရယ်လို့တော့ ကတိမပေးနိုင်တာ ခွင့်လွှတ်ပါ၊ နွယ့်အမြင်ကို ဖော်ပြဖို့ အချိန်ကောင်းကောင်းတစ်ခုလိုအပ်မယ်မဟုတ်လား၊ နွယ့်မျက်ဝန်းတွေထဲမှာပဲ သိမ်းထားမိတဲ့ အစ်မ ခင်ယွန်းမှီကို ဘယ်လိုရယ်လို့ ကိုယ်လည်း သိချင်မိပါတယ်၊ နောက်ပြီး extraလည်း ရှိမယ်ထင်ပါတယ်)
ကိုယ်ဟာ ကြိုးစားနေဆဲ စာရေးသူတစ်ယောက်မျှပါ။ အခု fictionဟာ ဘာရသကို ပေးနိုင်သလဲ ကိုယ်မသိပါဘူး၊ ဘာသင်ခန်းစာကို ပေးနိုင်မလဲလည်း မပြောတတ်ပါဘူး။သဘာဝကိုဖွဲ့မိတာများလွန်းလို့ အပင်တွေ၊ ရာသီတွေကို အလွန်ချစ်နေတာ နွယ်လား စာရေးသူကိုယ်တိုင်လားတော့ ဝေခွဲမရတော့ဘူးရယ်၊ ကိုယ့်မြတ်နိုးခြင်းတွေက နွယ့်မြတ်နိုးခြင်းတွေ ဖြစ်ကုန်တာထင်ပါတယ် ၊ လိုအပ်ချက်တွေ၊ အမှားတွေကတော့ သေချာပေါက်များခဲ့ပါတယ်
ဒါဖြင့် သံယောဇဉ်နွယ်မှာ ဘာတွေပါသလဲ
သဘာဝပါမယ် ရာသီဥတုပါမယ်
ပန်းလေးတွေပါမယ် အပင်တွေပါမယ်
သံယောဇဉ်ကို မြတ်နိုးတန်ဖိုးထားကြတဲ့ မိန်းကလေးနှစ်ဦး ပါမယ်။ချစ်ချင်ပေမယ့် အချစ်ရဲ့ နောက်ဆက်တွဲပြဿနာတွေကို ကြောက်တဲ့ သစ်ခက်နွယ်ဆိုတဲ့ မိန်းကလေးတစ်ဦးဟာ သူမြတ်နိုးရသူကိုတော့
" နွယ်ဖြင့် အမိကို သံယောဇဉ်ရှိနေပြီထင်တယ် ကွယ်"လို့ တိုးတိုးလေး ပြောပါလိမ့်မယ် ။
အရာရာကို ပုံပြီးချစ်ဖို့ ဝန်မလေးတဲ့ ခင်ယွန်းမှီကလည်း "အစ်မတော့ နွယ့်အနားမှာပဲ တစ်သက်လုံး ချည်နှောင်ခံဦးမယ်"လို့ ပြောရင်း သူ့နွယ်လေးကို ထာဝရ အရိပ်တကြည့်ကြည့် စောင့်ရှောက်သွားပါလိမ့်မယ် ။ကျန်တာကတော့ စာဖတ်သူတို့သဘောအတိုင်း၊ ခံစားမိတဲ့အတိုင်း လွတ်လပ်စွာ ယူဆနိုင်ပါတယ်နော့
စာဖတ်သူ တစ်ဦးတစ်ယောက်ချင်းစီကို ကျေးဇူးတင်စွာဖြင့် နှုတ်ဆက်ပါတယ်ကျေးဇူးတင်ပါတယ်၊ ပြီးတော့ ထပ်ဆုံကြမယ်ကွယ် ...
13.6.2022
BINABASA MO ANG
သံယောဇဉ် နွယ် [Completed]
Romance(Unicode+ Zawgyi) အချစ်ဟာ ရုန်းလေး နစ်လေ ဖြစ်တတ်တဲ့ နွံအိုင်ငယ်တစ်ခုဆိုရင် သံယောဇဉ်ဆိုတာဟာ ဖယ်ပစ်လေ နွယ်ရစ်လေ ရှင်းပစ်ရခက်တဲ့ အကိုင်းအခက်တစ်ခုဖြစ်လိမ့်မယ်။