Part 11
အသံမြည်သော ချုလုံးနီနီများကို လည်မှာဆွဲထားသည့် နွားကြီးနှစ်ကောင်သည် မြက်ထုံးများအပြည့်တင်ထားသော လှည်းကလေးကို ဆွဲလာနေ၏။ သွားနေကျလမ်းဖြစ်၍လားမသိ။ နွားများအား တံဖျာ(နွားရိုက်တုတ်)ဖြင့် တို့ရိုက်ကာ လမ်းပြစရာမလို၊ အိမ်ပေါက်သို့ ကွက်တိရောက်လာသည်။
ညနေခင်း လိမ္မော်ရောင်ဝင်းသော နေရောင်ခြည်အောက်တွင် ဘွားမှီ၏ အိမ်အိုကြီးသည် တဖိတ်ဖိတ်တောက်လျက်။
အိမ်သို့ ရောက်သည်နှင့် လှည်းလက်ရမ်းကို အားပြုကာ မြေပေါ်ဝုန်းခနဲ ခုန်ဆင်းသွားသူက ဖြူဖွေးပါပင်။ သူဟာ ဤလှည်းကို မိမိထက် အကြိမ်ပေါင်းများစွာ စီးဖူးသူဖြစ်၍ အဆင်းအတတ်တွင် ကျွမ်းကျင်အဆင့်ဖြစ်နေပြီထင်၏။
"ငါ့ညီမ ဆင်းတတ်လား"
"ဟုတ်.. ကိုသောင်း ရတယ်"
ထမီကို အသာ,မက လျောချရမလိုလို ခုန်ဆင်းရမလိုလိုဖြစ် ယွန်းမှီကို ကိုသောင်းက ဂရုတစိုက်မေးရှာသည်။
ဖြူဖွေးကတော့ ထိုသို့မဟုတ်။ လူကို ရယ်ချင်သည့် ပုံနှင့် စပ်ဖြီးဖြီး ကြည့်နေသည်။"မမယွန်းရာ... ၊ မလိုက်ပါနဲ့ဆို လိုက်လာတာကို၊ လူကဖြင့် လှည်းတောင်မစီးနိုင်ဘဲနဲ့"
"အကူအညီဖြစ်မလားလို့ လိုက်ကြည့်တာပါ ဖြူရယ်"
"အမလေး အကူအညီလား အဲတာဖြူကမှ ကျွမ်းတာပါနော်...၊ ဒီအထုံးနဲ့ ဒီအထုံး အဲနှစ်ခုက ဖြူကိုယ်တိုင် ရိတ်လာတာ၊ ဟုတ်တယ်မလား ကိုစိန်သောင်း"
"ဟုတ်ပါ့ဗျာ ဟုတ်ပါ့"
ဖြူဖွေးစကားမှာ မှားသည်လည်းမဟုတ်။ တောထဲတွင် အကူအညီအများဆုံးပေးနိုင်သူမှာ ညီမငယ်ပါပင်။ မိမိကတော့ အကူအညီပေးဖို့အသာထား ဟိုနားဒီနား ပြေးလွှားရုံနှင့် လူကမောချင်နေပြီ။
"နွားသွင်းဗျို့!!!"
ထိုအသံသည် ညနေစောင်းသည်နှင့် အမြဲကြားရလေ့ရှိသော အောင်မဲညို၏ အသံဖြစ်သည်။ အောင်မဲညိုသည် ကျောင်းပိတ်ရက်များတွင် နွားကျောင်းသည့်အလုပ်ကို လုပ်တတ်သည်။ ကျန်နေ့များတွင်မူ သူမဟုတ်။ နွားကျောင်းသားမှာ အခြားကောင်လေးတစ်ယောက်ဖြစ်သည်။
ယနေ့မှာ စနေနေ့ဖြစ်သည်မို့ အောင်မဲညိုထံ အလှည့်ကျခြင်းဖြစ်လိမ့်မည်ပင်။
ESTÁS LEYENDO
သံယောဇဉ် နွယ် [Completed]
Romance(Unicode+ Zawgyi) အချစ်ဟာ ရုန်းလေး နစ်လေ ဖြစ်တတ်တဲ့ နွံအိုင်ငယ်တစ်ခုဆိုရင် သံယောဇဉ်ဆိုတာဟာ ဖယ်ပစ်လေ နွယ်ရစ်လေ ရှင်းပစ်ရခက်တဲ့ အကိုင်းအခက်တစ်ခုဖြစ်လိမ့်မယ်။