part 27 (Unicode)

8.5K 1K 42
                                    

Part 27

အိမ်အိုကြီးမှာ တိတ်ဆိတ်ငြိမ်သက်လျက်။ တံစက်မြိတ်၌ နှင်းရည် နှင်းစက်တို့ဖြင့် ရွှဲရွှဲစိုလျက်။

မေမေနှင့် ဖေဖေလည်း မြို့သို့ ပြန်သွားခဲ့ပြီဖြစ်သည်။ ခေါင်းမာလွန်းတဲ့ သမီးဟုဆိုကာ စိတ်ဆိုးဆိုးနှင့် မေမေက ထွက်သွားခဲ့ခြင်းဖြစ်၏။ ဖေဖေကတော့ စီးပွားရေးပိုမို အဆင်ပြေသည်နှင့် နောက်တစ်ခေါက်လာခေါ်မည်ဟု ပြော၏။

မပြန်ခင် တစ်နေ့က မေမေငိုသည်။ ယွန်းမှီလည်း ငိုသည်။

ဘွားမှီလည်း မျက်ရည်ဝဲသည့်တိုင် ငိုကြွေးခြင်းတော့မပြု။
ထိုအစား ဤအမှာစကားတို့ကိုသာ တစ်ဖွဖွပြောရှာ၏။

" 'အိုခြင်းတဖြာ၊ နာခြင်းတထွေ၊ သေခြင်းတခြား၊ ကွဲပြားတတန်၊ ကံလျှင် ဥစ္စာ၊ ဤငါးဖြာကို ၊ မကွာနေ့ည၊ ဉာဏ်သက်ဝင်၍ ဆင်ခြင်ကြ ' ဆိုတဲ့ ဆရာတော် ဦးဗုဓ်ရဲ့ မပြတ်ဆင်ခြင်ရာသော တရားငါးပါးကို မမေ့ကြနဲ့.... အားလုံးဟာ မတည်မြဲဘူး ဖြစ်ပျက်သဘောတရားကို ရှုကြ.... ပစ္စည်းဥစ္စာကို လောဘတစ်ထွေနဲ့ ရှာဖွေရင်းပဲ အချိန်ကုန်မခံကြနဲ့....အရေးကြီးဆုံး အနိစ္စသဘာကို မမေ့ကြနဲ့ ကြားလား "

"ဟုတ်ကဲ့ အမေ၊ သားကတော့ ‌အမေ့ကို သားတို့နဲ့ အတူလိုက်စေချင်တာပါဗျာ ၊ အမေက ငြင်းလွန်းလို့သာ "

"နှင်းဖြူ ညည်းလည်း ကျန်းမာရေးဂရုစိုက်....၊ နီတာ့ကိုရော.. ကိုယ့်ကိုကိုယ်ရော စောင့်ရှောက်ပေါ့အေ၊ ညည်းသမီးတွေကို ငါ့ဆီထားခဲ့ရလို့တော့ ရင်ထုမနာ ဖြစ်မနေပါနဲ့.... ဒီအမယ်အိုကြီးက စွမ်းသမျှ စောင့်ရှောက်ထားမှာပါ စိတ်ချ"

ထိုသို့ပြောတော့ မေမေကငိုသည်။
သမီးတွေကို ထားခဲ့ရသဖြင့် မေမေငိုသည်လော။ အမြဲတစေ ဝေးကွာဖို့ မျှော်လင့်ခဲ့ရသော ယောက္ခမဖြစ်သူနှင့် တကယ်တန်းခွဲရမည်စိုး၍ ငိုသည်လော မပြောတတ်။ မေမေဟာ ရွာကို အမုန်းကြီးမုန်းလှသည်တော့မဟုတ်။ သို့သော်လည်း မြို့အရပ်၌ အထက်တန်းဆန်ဆန် နေထိုင်ရခြင်းကို ပိုသဘောကျလေသည်။

ရွာက လှည်းသံတစ်ညံညံ၊ ဖုန်တလုံးလုံးအစား ကတ္တရာ လမ်းမပေါ်က ကားသံတွေကိုပဲ ပိုမို ခင်တွယ်ခြင်းဖြစ်လိမ့်မည်။ ဖေဖေနှင့် ညားခါစကတည်းက မေမေ့ဘဝဟာ မသာယာခဲ့ပါလေ။ ဖေဖေ့မျက်နှာ တစ်ရွာထင်ပြီး မေတ္တာကိုသာ ကိုးကွယ်ခဲ့ရှာသတဲ့။ ခက်ခက်ခဲခဲ ကြိုးစားရှင်သန်ခဲ့ရသည့်တိုင် ဖေဖေအပေါ်မှာ စိတ်တစ်ချက် မကွက်ခဲ့တဲ့ မေမေရယ်ပါ။

သံယောဇဉ် နွယ် [Completed]Where stories live. Discover now