Nwe's Diary 2 (Unicode)

6.6K 515 21
                                    

နွယ့် ဒိုင်ယာရီ (၂)

သူက အဘွားလေးရဲ့ မြေးတဲ့။ မလုံးတင်ဆီက သတင်းစကားတွေ မကြားချင်ပဲ ကြားရတဲ့အခါ ခေါင်းကို ကြမ်းကြမ်းရမ်းပစ်တယ်။ ရွာထဲကို လုံးဝမသွားဖို့ ဆုံးဖြတ်ပြီးတဲ့နောက် ကိုယ့်ကိုကိုယ် သိပ်ကို ဘဝင်မကျ ဖြစ်မိရတာပဲ။

လူတစ်ယောက်ကို အကြောင်းအရင်းမရှိဘဲ ရှောင်နေချင်တာဟာ ဘာအဓိပ္ပါယ်လဲ။ ဘာသဘောလဲ။ နွယ် မသိဘူး။ အို... သိလည်းမသိချင်ဘူးရယ်။

" နွယ် "

နွယ်တဲ့။ သူက အခေါ်ရှိလာတယ်။
တုံ့ပြန်စကားဟာ နွယ့်ကို ခဏခဏ မခေါ်စမ်းနဲ့ဆိုပြီး ဖြစ်ပါတယ်။ ဟုတ်တယ်။ သူ့ရဲ့ ခေါ်သံကို နွယ်မကြိုက်ဘူး။ သူ့အသံမှာ မြတ်နိုးခြင်းတွေပါနေတယ်။ သူ့အကြည့်မှာ သက်တံ့ရောင်စုံနဲ့။ နွယ့်လို အရာရာ ကံဆိုးတတ်တဲ့သူဟာ အရောင်စုံခြယ်ထားတဲ့ မြတ်နိုးခြင်းတွေနဲ့ ဝေးဝေးသာ နေဖို့ကောင်းလှတယ်။

ဒါကြောင့် သူ့ကို ပြန်ပေးနိုင်ခဲ့တာ လျစ်လျူရှုခြင်းတွေပါပဲ။ အောင်မြင်စွာ လျစ်လျူရှုခြင်းမှတဆင့် သံယောဇဉ်တွယ်မဲ့အရာတွေဆီက ထွက်ပြေးဖို့ ကြိုးစားခဲ့တယ်။ သနား‌နေတဲ့မျက်လုံးတွေကို မြင်နေကျဖြစ်လို့ထင်တယ်၊ နွေးထွေးလွန်းတဲ့ သူ့မျက်ဝန်းတွေကို မြင်ရတာ ကသိကအောက်ဖြစ်လှတယ်။

ခပ်စိမ်းစိမ်းပဲနေဖို့ ကြိုးစားရင်းက သူ့ကို ထပ်တွေ့ပြန်တယ်။ ကြိုးစားပမ်းစား လျစ်လျူရှုထားခြင်းတွေဟာ အငွေ့ပျံကုန်တာပဲ။ ခုံဖိနပ်လေးကို လက်မှာကိုင်ထားတဲ့ သူက လယ်ကွင်းတွေနဲ့ အသားမကျပုံရပြီး မြင်ကွင်းထဲမှာ ကိုးယို့ကားယား ဝင်လာနှောက်ယှက်တယ်။

ရွံ့နဲ့ ဖုန် အထူးပေါတဲ့ တောလယ်မှာ ထဘီကို ရေမစိုစေဖို့ တိုအောင်တမင်ဝတ်ထားပုံရတယ်။ အင်္ကျီခါးတို‌တိုနဲ့ လုံချည်တိုတိုနဲ့ သူက လူကြီးနဲ့တမင်တူအောင် ဝတ်ထားတဲ့ ကလေးပေါက်စလေးနဲ့တူတယ်။ မကြည်ပြာတို့ ပြောစကားအရတော့ သူက နွယ့်ထက် အသက်ကြီးတယ်တဲ့။ နွယ့်မျက်လုံးထဲတော့ ဘယ်နေရာမှ လူကြီးဆန်မနေတာ အမှန်ပဲ။

ဆံပင်တွေကို မြှောက်နေအောင် စည်းထားတယ်။ ပါးမှာ သနပ်ခါး ပါးကွက်ကြားနဲ့။ ကျေးတောသူနဲ့ တူသယောင် ပြင်ဆင်ထားပေမဲ့ ဖြူဖွေးဖွေး သူ့အသား‌ရောင်နဲ့ ယိုင်နဲ့နေတဲ့ သူ့ခန္ဓာကိုယ်။ သူလိုလူမျိုးက ရွာမှာ နှစ်ပေါင်းများစွာ နေထိုင်သွားမယ်ဆိုရင်တောင် ကောက်စိုက်၊ ပျိုးနှုတ်လိုက်လုပ်ဖို့ ဘယ်တော့မှ ဖြစ်နိုင်မှာ မဟုတ်ပါဘူး။ ကန်သင်းရိုးမမြင်ဖူးတဲ့ မြို့ကြီးသူက ရေသွင်းထားတဲ့ လယ်ကွင်းတွေရဲ့ကြားမှာ လမ်းလျှောက်ဖို့တောင် အနိုင်နိုင်ရယ်။ နောက်တစ်ခါ ဒီလိုမလာဖို့ အလိုလိုတားမိလျက်သားဖြစ်သွားတဲ့အထိ သူ့ကို စိတ်ပူနေမိတဲ့အခါ ကိုယ့်ကိုကိုယ် စိတ်ပျက်သွားရပြန်တယ်။

သံယောဇဉ် နွယ် [Completed]Where stories live. Discover now