အပိုင်း ၃
နံနက်ခင်းကို နွေးထွေးကြည်လင်သွားစေသော ဝင်းပပ နေရောင်ခြည်ကြောင့် ပတ်ဝန်းကျင်ရှိ အပင်များက ရွှေအိုရောင်သမ်းနေလျက်။ ခြံစည်းရိုးမှတဆင့် မြင်ရသည့် ရွာသူရွာသားများမှာ ကိုယ့်တာဝန်နှင့်ကိုယ် ဟိုမှသည်မှ ကူးသန်းသွားလာနေကြသည်။
တချို့က နွားလှည်းမောင်းပြီး တစ်ချို့က တောင်းကိုရွက်လျက်။ တစ်ချို့မှာမူ ပဲပြုတ်သည် ၊အကြော်သည်စသည့် ဈေးသည်များ။
အလုပ်ကိုယ်စီနှင့် သက်ဝင်လှုပ်ရှားနေသော မနက်ခင်းလေးတွင် ထိုသူများနှင့် တန်းတူ ယွန်းမှီနှင့် မေမေမှာလည်း မီးဖိုချောင်တွင် မီးခို တလူလူနှင့် ချက်ပြုတ်နေရင်း အလုပ်ရှုပ်နေရပြီဖြစ်သည်။ယခင်က ထမင်းဟင်း လုံးဝမချက်ပြုတ်တတ်ခြင်းကိုပင် "ချက်တတ်ရင် ချက်ခိုင်းနေကြဦးမယ် မချက်တတ်ရင် ဘယ်သူကမှ လာခိုင်းလို့မရတော့ဘူး" ဟု ဆောင်ပုဒ်တီထွင် ဂုဏ်ယူမဆုံးပြောခဲ့ဖူးသူ ဖြူဖွေးမှာမူ မျက်နှာတစ်ခုလုံး၌ မျက်လုံးလေးသာပေါ်အောင် အဝတ်ဖုံး၍ တင်းကုပ်၌ နွားချေးကြုံးနေရှာပြီ။
"အစ်မနှင်း ကျုပ်တောထဲ ထမင်းသွားပို့ရဦးမယ်... ထမင်းက ကျက်ပြီလား"
"ထမင်းကတော့ ကျက်ပါပြီ ပဲပြုတ်ရယ် ငပိထောင်းရယ်နဲ့ ရောနယ်ပြီး ချိုင့်နဲ့ထည့်ပေးရမလား ကိုသောင်းစိန်"
မေမေက တုတ်တုတ်မလှုပ်သဖြင့် ယွန်းမှီကသာ သွက်သွက်လက်လက် ပြန်ဖြေလိုက်ရသည်။
"ရတယ် ငါ့ညီမ အဆင်ပြေသလိုလုပ်လိုက်ပေါ့"
"ဟုတ်ကဲ့ ကိုသောင်း"
ထိုစဉ် ဘွားမှီသည် ဆွမ်းတော်လောင်းရန် ထမင်းဖြူကို ဦးဦးဖျားဖျား ခူးခပ်နေရာမှ မောင်သောင်းကို ထမင်းထုပ်ပြင်နေသည့် ကိုသောင်းစိန်ကို အမိအရ လှမ်းခေါ်၏။
"ဟဲ့ မောင်သောင်း ... ယာထဲသွားတော့မလို့လား"
"ဟုတ် အရီးလေး... ဒီနေ့ တို့လယ် ကောက်စိုက်ပြီလေ အရီးလေးရ"
"အေး... ငါသိပါတယ်.... ဒီနေ့ ကောက်စိုက်သမတွေက နွယ်တို့အဖွဲ့မလား .... လက်ဖက်သုပ်လေး ရေနွေးကြမ်းလေးပါ ထည့်သွားဦးကွယ် မိနွယ်က ကြိုက်တတ်တယ်"
YOU ARE READING
သံယောဇဉ် နွယ် [Completed]
Romance(Unicode+ Zawgyi) အချစ်ဟာ ရုန်းလေး နစ်လေ ဖြစ်တတ်တဲ့ နွံအိုင်ငယ်တစ်ခုဆိုရင် သံယောဇဉ်ဆိုတာဟာ ဖယ်ပစ်လေ နွယ်ရစ်လေ ရှင်းပစ်ရခက်တဲ့ အကိုင်းအခက်တစ်ခုဖြစ်လိမ့်မယ်။