Part 12
"သူများ မိသားစုရဲ့ အတိတ်ကို အကုန်အစင် ပြောပြရတာ လူ့ကျင့်ဝတ်နဲ့ မဆီလျော်လှဘူးကွယ်..၊ ဒါပေမဲ့ နွယ်ဟာ သူများမဟုတ်ဘူး ၊ နွယ်တို့မောင်နှမဟာ အဘွားရဲ့ မိသားစုဝင်တွေပဲ ၊ အဘွားတော့ ဒီလိုသဘောထားတယ်၊ ငါ့မြေးတို့တွေလည်း ဒီလိုပဲ သဘောထားရမယ်"
အဘွားမှီက ယွန်းမှီ ခပ်ပေးသော ရေကို အာစွတ်ရုံမျှ သောက်လိုက်သည်။ ပြီးလျှင် အခန်းတံခါးကြီးကို ပိတ်ခိုင်း၏။
ကျွန်းတံခါးမကြီးကို ခပ်မြန်မြန်ဆွဲပိတ်လိုက်တော့ ကျွီခနဲ မြည်သံကြီး ထွက်လာသည်။ လျှို့ဝှက်သော အတွင်းရေးများသဖွယ် ဘွားမှီ ဖုံးကွယ်ထားချင်သော ကိစ္စမှာ နွယ့်၏ အတိတ်ဖြစ်သည်။ အတိတ်ဟု လုံးလုံးလျားလျားလည်း မဆိုနိုင်။ မိမိနှင့် မဆုံခင်၊ မကြုံခင်က နွယ် ဖြတ်သန်းခဲ့ရသော နွယ့်ဘဝသာဖြစ်သည်။
"နွယ်ဟာ မိဘမဲ့ကွယ်၊ နွယ့်မောင်လေးဟာလည်း နွယ့်အပေါ်မှာ မှီခိုနေရတယ်၊ နွယ့်တို့မှာ လယ်ပိုင်ယာပိုင်မရှိဘူး၊ ဟိုးတုန်းက သူ့အမေဘက်က အမွေရတဲ့ အိမ်နဲ့ဝင်းလေးပဲရှိတယ်၊ သူ့အမေက ဒီရွာသူလေ၊ သူ့အဖေကတော့ မန္တလေးသားပေါ့၊ နွယ့် အဖေနဲ့ အမေဟာလေ သိပ်ချစ်ကြတာ ဒါပေမဲ့ နွယ့်မောင်လေး အောင်မဲညိုကို ကိုယ်ဝန်ရှိခါစမှာပဲ သူ့အဖေက သူ့တို့သားအမိကို ပစ်ပြီး မန္တလေးက သူ့မိဘတွေဆီ ပြန်သွားတယ်"
ဘွားမှီက ပြောနေရာမှ ခေတ္တ အနားယူလိုက်သည်။ ထို့နောက် ရင့်ရော်နေသော လက်အစုံနှင့် စားပွဲခုံ အံဆွဲတစ်ခုထဲမှ တစ်စုံတစ်ခုကို ထုတ်ယူသည်။
ဓာတ်ပုံလေးတစ်ပုံ....။
အဝါညစ်ရောင် ထိုဓာတ်ပုံလေးသည် ဟောင်းနွမ်းသော အမှတ်တရတို့၏ နားခိုရာဖြစ်သည်။
အဓိက ဇာတ်ကောင်များမှာ အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦး။ ပြုံးရယ်နေသော အမျိုးသမီးသည် ရင်ခွင်၌ ကလေးငယ်လေးကို ပွေ့ထားလျက်။
တည်ကြည်သော မျက်နှာထားနှင့် ခန့်ညားသည့် အမျိုးသားမှာမူ ဘေးနားက အမျိုးသမီး၏ ပုခုံးကို ဖွဖွဖက်ထားလျက်။ထိုသူတို့၏ ပျော်ရွှင်စွာ၊ ကြည်နူးစွာ ပြုံးပျော်နေပုံက မိသားစုတစ်ခု၏ ချစ်စဖွယ် ပြယုဂ်တစ်ခုလို။
YOU ARE READING
သံယောဇဉ် နွယ် [Completed]
Romance(Unicode+ Zawgyi) အချစ်ဟာ ရုန်းလေး နစ်လေ ဖြစ်တတ်တဲ့ နွံအိုင်ငယ်တစ်ခုဆိုရင် သံယောဇဉ်ဆိုတာဟာ ဖယ်ပစ်လေ နွယ်ရစ်လေ ရှင်းပစ်ရခက်တဲ့ အကိုင်းအခက်တစ်ခုဖြစ်လိမ့်မယ်။