Part 8
"ရွှေစွန်ညို ဘာကိုလိုလို့ ဝဲပါတယ်... ဟောဒီက အယွန်းလေးကို လိုချင်လို့ ဝဲပါတယ် အဟိ"
ဖြူဖွေး၏ ရွတ်နောက်နောက် စကားသံကြောင့် ချဉ်ပေါင်ရွက် ခြွေနေရာမှ ခေါင်းထောင်ကြည့်မိသည်။ ထင်သည့်အတိုင်းပင် စောမောင်တစ်ယောက် အိမ်ပေါက်ရောက်နေပြန်ပါပြီ။
သိပ်တော့ မထူးဆန်းလှ။
သူသည် ယခုတစ်လော အကြောင်းပြချက်မျိုးစုံဖြင့် အိမ်ရောက်လာတတ်သည်။ စနေ၊ တနင်္ဂနွေမှ ရွာပြန်လာတတ်သည်ဆိုသော စီးပွားရေးသမားကြီးသည် ရွာလယ် အိမ်ကြီးရခိုင်မှ မထွေးလေးကို လိုချင်သဖြင့် တဝဲလည်လည် လုပ်နေသော ရွှေစွန်ညိုတစ်ကောင် ဖြစ်နေလေပြီ။သူ လာတိုင်းလည်း ကျီစားသန်သော ဖြူဖွေးက ဤကဲ့သို့ တိုးတိုးတိတ်တိတ် စနောက်မြဲ။ မေမေကတော့ သိပ်သဘောမကျလှ။ ဤမြေ၊ ဤဒေသမှာ အိမ်ထောင်ကျ အရိုးထုတ်ရမည့်အဖြစ်မျိုး သူတစ်ယောက်တည်းနှင့်တင် လုံလောက်ပြီဟုဆိုသည်။ သူ့သမီးများကိုမူ ထန်းပင်တန်းရွာသူ လုံးဝ မဖြစ်စေရဟု အမိန့်ထုတ်ထား၏။
"မမယွန်းရေ... ဟိုမှာ အစ်မရဲ့ ရွှေစွန်ညိုကြီး မောင်မောင် လာနေပြန်ပြီ"
"ကောင်မလေး ... လာမစနဲ့နော် သူက ခင်ယွန်းမှီ အကြိုက်မဟုတ်ဘူး"
"ဒါဖြင့်... ဒီက မခင်ယွန်းမှီက ဘယ်သူ့ကို ကြိုက်ပါလိမ့်နော်"
စောမောင်သည် ရှပ်အင်္ကျီ အပြာရောင်နှင့် မီးပူတိုက်ထားသော ပုဆိုးနုနုကို လိုက်ဖက်စွာ ဝတ်ဆင်ထားသည်။ ထို့ပြင် သူ့ လက်ထဲမှာလည်း အထုတ်အပိုးများနှင့်။
သူသည် ထုံးစံအတိုင်း အပြုံး ချိုချိုဖြင့်_
"အစ်မယွန်း... အဘွားလေး ရှိလားဗျ"
"ရှိတယ် မောင်လေး၊ အစ်မခေါ်ပေးမယ်နော်"
အိမ်ရှေ့မျက်နှာစာတွင် သစ်သားတန်းလျားခုံနှင့် စားပွဲရှိသည်။ စောမောင်သည် အိမ်ကိုလာတိုင်း အိမ်ထဲမဝင်တတ်။ ထိုခုံတန်းတွင် ငြိမ်ငြိမ်လေး ထိုင်တတ်သည်။ ထိုမျှမက စကားပြောလျှင်လည်း အမြဲယဉ်ကျေးချိုသာစွာပင်။
BINABASA MO ANG
သံယောဇဉ် နွယ် [Completed]
Romance(Unicode+ Zawgyi) အချစ်ဟာ ရုန်းလေး နစ်လေ ဖြစ်တတ်တဲ့ နွံအိုင်ငယ်တစ်ခုဆိုရင် သံယောဇဉ်ဆိုတာဟာ ဖယ်ပစ်လေ နွယ်ရစ်လေ ရှင်းပစ်ရခက်တဲ့ အကိုင်းအခက်တစ်ခုဖြစ်လိမ့်မယ်။