Part 19
ဖိနပ်နီနီ ဆင်မြန်းကာရယ်...
သူရှိရာကို သွားပါ့မယ်...
ဘယ်လောက် ဝေးဝေး မမှုပါကွယ်...
သူရှိရာသာ လှမ်းပါ့မယ်...အတွေးလေးများကို သီချင်းလုပ်ဆိုကာ ရောက်ခဲ့ပါသော ထိုနေရာ။ ပြင်းပြသည့် စိတ်ဆန္ဒက ဦးဆောင်သည်မို့ ခြေလှမ်းတွေကလည်း သွက်လှသည်။
ဆူးခြုံတို့နှင့် ကာရံထားသော ခြံစည်းရိုးအဝင်သို့ရောက်သည်နှင့် ဆောင်းရနံ့လှိုင်သော လေပြည်နုက အရင်ဆုံး ဆီးကြို ကျီစယ်လေပြီ။ယခင်လို အလွမ်းသီချင်းသံလေးများ ကြားရငြား နားစွင့်ကြည့်သော်လည်း ထိုအရပ်ရှိ ပတ်ဝန်းကျင်မှာမူ တိတ်ဆိတ်ခြင်း၌ပင် ပျော်ဝင်နေသည်။ နဂိုကပင် ရွာနှင့်အနည်းငယ်ဝေးသဖြင့် သီးသန့်နေရာလေးသဖွယ် ဖြစ်နေသည့် နွယ်တို့အိမ်။ ထန်းပင်၏ အရွက်ကို ခေါင်၌မိုး၍ ပင်စည်ကို တန်းထိုးထားသော ထိုအိမ်ငယ်လေးသည်လည်း လေတိုးသံမှအပ မည်သည့်ဆူညံသံကိုမှ လက်မခံနိုင်သည့်အလား ဆိတ်ငြိမ်နေလျက်။
ယွန်းမှီသည် ခြံဝရှိ ဆူးတံခါးကို အသာဆွဲဖွင့်ရင်း မိမိခြေဖဝါးကို ပြန်ငုံ့ကြည့်မိသည်။ အနီရောင်သဲကြိုးလေးက ခြေဖမိုးဖြူဖြူမှာ ဝင့်ဝင့်ကြွားကြွားရှိနေဆဲမို့ ကျေနပ်အပြုံးတစ်ခု ထပ်မံဖြစ်တည်ပြန်၏။
နွယ့်ထံမှ လက်ဆောင်ရပြီးနောက် အရင်ကထက်ပိုပြုံးမိသည်မှာ အမှန်ပါပင်။ ဖိနပ်လေးကို မစီးခင် ထုတ်ကြည့်လိုက် ပြန်သိမ်းလိုက်နှင့် ဂဏာမငြိမ်လှသည်မို့ ဖြူဖွေးကတောင် အမြင်ကပ်ယူရသည်အထိ။
ဟုတ်သည်လေ။
နွယ့်စကားဖြင့် ပြန်လည်စဉ်းစားကြည့်ရလျှင်ချစ်ရသူ၏ ပစ္စည်းဟူသော အကြောင်းပြချက်တစ်ခုတည်းကြောင့် မိမိအား နာကျင်စေမှန်းသိပါလျက် ခုံဖိနပ်ကို သည်းခံ၍ မစီးသင့်။ မစီးကောင်း။ မိမိကိုယ်ကို ဒုက္ခပေးရာ ရောက်၏။၎င်းအစား သက်တောင့်သက်သာနှင့် လှလှပပစီးနိုင်သော ဖိနပ်တစ်ရံကိုသာ ချစ်ရသူထံမှ လက်ဆောင်အဖြစ်တောင်းလိုက်ခြင်းက ပို၍ သင့်တော်ပေမည်။ ယခုမူ ဟောသည်က ခင်ယွန်းမှီမှာ မတောင်းဘဲ ရခဲ့လေပြီ။ ဤသို့သော ကံကောင်းခြင်းမျိုး ဘယ်မှာ ရှိတော့မည်နည်း။
VOCÊ ESTÁ LENDO
သံယောဇဉ် နွယ် [Completed]
Romance(Unicode+ Zawgyi) အချစ်ဟာ ရုန်းလေး နစ်လေ ဖြစ်တတ်တဲ့ နွံအိုင်ငယ်တစ်ခုဆိုရင် သံယောဇဉ်ဆိုတာဟာ ဖယ်ပစ်လေ နွယ်ရစ်လေ ရှင်းပစ်ရခက်တဲ့ အကိုင်းအခက်တစ်ခုဖြစ်လိမ့်မယ်။