part 13 (Unicode)

8.8K 988 48
                                    

Part 13

အိမ်အပေါ်ထပ်တွင် လေက စိမ့်စိမ့်တိုက်သဖြင့် ပို၍ အေးသည်။ မိုးအုံ့သောကြောင့် ကြယ်ကိုလည်း မမြင်ရ။ လကိုလည်းမမြင်ရ။ ကောင်းကင်ယံသည် ပိန်းပိန်းမှောင်နေသည်။

ဘေးနားက ဖြူဖွေး၏ အသက်ရှုသံပြင်းပြင်းက ပတ်ဝန်းကျင်ကို တမျိုးတဖုံ အသက်ဝင်စေသည်။ မဟုတ်လျှင် ညအမှောင်ထဲဝယ် ဝမ်းနည်းစိတ်တို့ကသာ အဖော်ပြုနေလိမ့်မည်။ ဘွားမှီကိုယ်တိုင် ပြောပြခဲ့သော ဇာတ်လမ်း‌လေးထဲမှ ယခုထိတိုင် ရုန်းမထွက်နိုင်သေး။ ခက်ရချေပြီ။

စိတ်၌လည်း ခိုင်ခိုင်မာမာ ဆုံးဖြတ်ချက် ချထားပြီးပြီ။ နွယ့်ကို ဂရုစိုက်ရမည်။ နွယ့်အနားမှာ နေမည်။

ဖြစ်နိုင်ပါလျှင် နွယ်တစ်ယောက် ဒီလောကကြီးထဲမှာ နေပျော်လာအောင် လုပ်ပေးနိုင်မည့် အကြောင်းပြချက်လေးဟာ မိမိဖြစ်ချင်သည်။

ထိုစဉ် ဝမ်းနည်းခြင်းတို့၏ ပျော်မွေ့ရာ အုံ့မှိုင်းအေးမြသော ယခုညနှင့် လိုက်ဖက်လှစွာ ငိုသံတအီအီက ထိုးဖောက် ပျံ့လွှင့်လာလေသည်။
အနားက ဓာတ်မီးကို အမြန်ဆွဲယူ၍ အသံလာရာ မှန်းထိုးကြည့်လိုက်သည်။

"ဟင် ‌မေမေ..၊ မေမေငိုနေတယ်၊ ဘာဖြစ်လို့လဲဟင် နေမကောင်းဘူးလား"

အလယ်ခေါင်မှာ ကားယားအိပ်နေသည့် ဖြူဖွေးကို ကျော်ခွ၍ မေမေရှိရာ ပြေးသွားမိသည်။ မေမေဟာ စကားမပြန်။ မျက်ရည်များသာ ဆက်လက်ဝေ့ဝဲနေဆဲ။

"မေမေရယ်..၊ ဘာလို့ ငိုနေတာလဲဆိုတာ သမီးကို ပြောပါဦး၊ ဘွားမှီကဆူလို့လားဟင် ဒါမှမဟုတ် အလုပ်တွေ အများကြီး လုပ်ရလို့လား"

စိတ်ထဲထင်ရာ ပြောလိုက်တော့ မေမေက ဆတ်ခနဲ ခေါင်းမော့ကြည့်သည်။

"ခင်ယွန်းမှီ ဒီအမေကို ဘာထင်နေသလဲ၊ ဒီအလုပ်တွေ လုပ်ရမှာပျင်းလွန်းလို့ ငိုနေတယ်များထင်နေသလား...၊ တော်တော်လည်း နေနိုင်ကြတဲ့ သမီးတွေ၊ ညည်းတို့အဖေကို စိတ်ထဲမှ ရှိကြသေးရဲ့လား ဟမ်"

ထိုစကားကြားတော့မှ ဪခနဲ သက်ပြင်းချနိုင်သည်။ မေမေဟာ ဖေဖေ့ကို လွမ်းလို့ ငိုနေခြင်းပါတဲ့လေ။ ခွဲခွာရတဲ့ အချစ်ငှက်တွေဟာ ဘယ်နေရာရောက်ရောက် အဖော်ကိုလွမ်းတတ်ကြသည်။

သံယောဇဉ် နွယ် [Completed]Où les histoires vivent. Découvrez maintenant