part 1 (Unicode)

22.4K 1.2K 51
                                    

Unicode

အပိုင်း ၁

မန္တလေး-ရွှေဘို ကားလမ်းမကြီးတစ်လျှောက်တွင် ညစ်ထေးသော အရောင်မှိုင်းမှိုင်း ထော်လာဂျီတစ်စီးသည် အလွန်ကျယ်လောင်သော အင်ဂျင်သံနှင့်အတူ အရှိုန်ပြင်းပြင်း မောင်းနှင်လာနေသည်။

အမည်းရောင် ကတ္တရာလမ်းသည် ညီညာဖြောင့်ဖြူးသော်ငြား အမိုးမပါသည့် ကားနောက်ပိုင်းမှာမူ ဟိုယိမ်းသည်ယိမ်း ဖြစ်နေ၏။ အကွေ့တစ်ခု ရောက်လေတိုင်း ကားပေါ်မှ လူများသည် ဆီးဖြူသီး စကောထဲ  ထည့်လှိမ့်ခံရသလို ဟိုထောင့်ပြေးကပ်သွားလိုက် သည်ထောင့် ပြေးကပ်သွားလိုက်နှင့် နေရာမရနိုင်ဘဲဖြစ်နေရှာသည်။

ရန်ကုန်မှ  တကူးတက သယ်ယူလာသည့် ထီးလေးကို မရမက လုံအောင်ကြိုးစားဆောင်းမိသည့်တိုင် ပူလောင်နေဆဲ နေမင်းသူရိန်၏ ဒဏ်ကို မကာကွယ်နိုင်။  အမိုးမပါသော ကားပေါ်၌ အညာဒေသ၏ ပူပြင်းခြောက်ကပ်သော လေက မျက်နှာကို ကြမ်းတမ်းစွာ လာထိရိုက်နေဆဲပင်။

ကားဆရာကလည်း အရှိန်ကို နည်းနည်းလေးမျှ မလျှော့။ အနောက်ခန်းတွင် မိန်းမသား‌တွေချည်း သုံးယောက်တိတိ လိုက်ပါလာသည်ကိုပင် ဂရုမစိုက်တော့သည့်အလား အားကုန် မောင်နှင်နေ၏။
သို့နှင့် ခင်ယွန်းမှီတစ်ယောက် ကားနောက်ခန်းရှိ ထောင့်အစွန်းပိုင်းကို သေချာကပ်တွယ်၍ နေရာရွေ့မသွားအောင်မနည်း ကြိုးစားထိမ်းနေရတော့သည်။

ပတ်ဝန်းကျင်ကို စူးစမ်းကြည့်မိတော့ သစ်ပင်စိမ်းစိမ်းများက လမ်းတစ်လျှောက် အစီအရီ ပေါက်ရောက်နေ၏။ မကြာခင် မိုးဦးရာသီရောက်ခါနီးပြီမို့ စိမ်းစိမ်းစိုစိုတော့ ရှိပါရဲ့။ နေကတော့ ပူလိုက်သည့်ဖြစ်ချင်း။ချွေးကလည်း တဒီးဒီးကျနေလေပြီ။ ဤသည်မှာ ဆူညံသော ထော်လာဂျီ၏ စက်သံကြောင့်လော ရာသီဥတုကြောင့်လော မပြောတတ်။
ခရီးအစ အလယ် အဆုံး စိတ်ပျက်စရာတော့ အတော်လေး ကောင်းလှပေသည်။

“မေမေရေ ရွာက ရောက်တော့မှာလားဟင်”

မင်းသမီးရှုံးအောင် ပြင်ဆင်ခြယ်သထားသော်လည်း အပူရှိန်ကြောင့် မျက်နှာထက်တွင်  မိတ်ကပ်များ ကွက်တိကွက်ကြား အဆီပြန်နေသဖြင့် ရှုံ့မဲ့မဲ့ ဖြစ်နေရှာသော ညီမငယ် ဖြူဖွေးက စိတ်ပျက်စွာ မေးသည်။ သူ့ခမျာ တစ်ခါမှ မရောက်ခဲ့ဖူးသော အညာဒေသကို ပထမဦးဆုံးအကြိမ် ခြေချဖို့ ကြိုးစားသည့် အထိန်းအမှတ်အဖြစ် တစ်မနက်ခင်းလုံး အလှပြင်ခဲ့ရသည်။

သံယောဇဉ် နွယ် [Completed]Where stories live. Discover now