အပိုင်း ၅
နေ့ခင်းအချိန်အခါဝယ် ဝင်းလဲ့သော နေရောင်ခြည်က သစ်ပင်တို့ထက် လွှမ်းဖြာကျနေ၏။
တိမ်စိုင် အစုငယ်လေးများသည်လည်း ပြာလဲ့လဲ့ ကောင်းကင်ယံတွင် ဟိုတစ်ကွက် သည်တစ်ကွက်ဖြင့် ဆေးစက်ချထားသကဲ့သို့။လေပြည်တစ်ချက်ဝေ့လိုက်တိုင်း စိတ်အာရုံမှာ ကြည်လင်အေးချမ်းဖွယ် ရာသီဥတုဖြစ်သော်လည်း စိုးရိမ်စိတ်လေး အနည်းငယ်မျှ ဝင်ရောက်နေသူအဖို့တော့ အလုံးစုံ ချမ်းမြေ့ရန်မလွယ်ကူလှ။
ခြံစည်းရိုးများထက်တွင် စိမ်းလဲ့ညို့မှောင်နေသော ခြုံနွယ်များက ထူထူထဲထဲ ရစ်ပတ်အုပ်မိုးထားသည်။ ထို့အတူပင် စိတ်အစဉ်၌လည်း ညိုမြမြ နွယ်လေးတစ်ပင်က ခပ်တင်းတင်း ရစ်ငင်တွယ်ထားလျက်ပါပင်။
တွေးလေလေ ဆွေးလေလေ။
ပူပန်လေလေ သောကများရလေ။
ဒါတွေရဲ့ တရားခံဟာ စင်စစ် နွယ်ဆိုသော သံယောဇဉ်လေးကြောင့်ပဲမဟုတ်လားလေ ။"မလုံးတင်ရေ.... ရောက်တော့မှာလား"
"အင်း၊ သိပ်မလိုတော့ပါဘူး ရွာအစွန်၊ ထန်းတောအနီးက သီးသန့် တစ်လုံးထဲအိမ်၊ အဲတာ နွယ်တို့အိမ်ပဲရယ်"
နေ့ခင်း အပျင်းပြေ အလည်ထွက်မည်ဆိုသော အကြောင်းပြချက်ဖြင့် ယွန်းမှီ အိမ်မှ ထွက်ခဲ့သည်။ မေမေနှင့် ဖြူဖွေးသည်လည်း မရွှေလှိုင်တို့အိမ် လိုက်သွားကြ၏။ မိမိမှာတော့ ထန်းတောဘက် သွားဖူးချင်တယ်ဆိုသော အကြောင်းပြချက်လေးဖြင့် နွယ်ရှိရာ အရပ်ဆီသို့ ရောက်အောင် ကြံရတော့သည်မို့ ရွာပြင်အနီးစပ်က ထန်းတောတွေဆီသို့သာ။
"ဒီကန်ကြီး ကြည့်စမ်းပါ ယွန်းရယ်၊ မလှဘူးလား ဟမ်"
"ဟုတ်ပါ့ မလုံးတင်ရယ် ကန်ကြီးက ကြီးလိုက်တာ ဆည်ကြီးနဲ့တောင် တူနေပြီ"
မလုံးတင် ညွှန်ပြရာ အရပ်၌ ကြီးမားကျယ်ဝန်းသော ရေကန်ကြီး တစ်ကန်တည်ရှိ၏။ အဝေးမှ လှမ်းမျှော်ကြည့်ရုံမျှဖြင့် စိမ်းစိုအုံးမှိုင်းသော တောအုပ်လေးသဖွယ် ကန်ဘောင်မြင့်မြင့်၏ အလှကို မြင်နိုင်သည်။
"ဒါလည်း အရီးမှီ ကျေးဇူးတွေပေါ့ ၊အရင်က ဒီမြေနေရာက အရီးလေး ပိုင်တာလေ၊အခုတော့ တို့ရွာရဲ့ အဓိက ရေသောက်မြစ်ပေါ့၊အရီးလေးကိုယ်တိုင် ဒီမြေနေရာကို ကန်တူးခိုင်းခဲ့တာ ၊
ရာသီဥတုဖောက်ပြန်လို့ မိုးခေါင်ခဲ့ရင် ရွာသားတွေက ဒီကန်ကြီး အားကိုးရတာပဲ"
CZYTASZ
သံယောဇဉ် နွယ် [Completed]
Romans(Unicode+ Zawgyi) အချစ်ဟာ ရုန်းလေး နစ်လေ ဖြစ်တတ်တဲ့ နွံအိုင်ငယ်တစ်ခုဆိုရင် သံယောဇဉ်ဆိုတာဟာ ဖယ်ပစ်လေ နွယ်ရစ်လေ ရှင်းပစ်ရခက်တဲ့ အကိုင်းအခက်တစ်ခုဖြစ်လိမ့်မယ်။