part 17 (Unicode)

8.6K 1.1K 96
                                    

Part 17

"နွယ်..."

"ဟုတ်တာပေါ့ နွယ်လေ..ဘယ်သူမှတ်လို့တုန်း"

"နွယ်... ဘယ်လိုရောက်လာတာလဲ"

"ဟော ခက်ပြီ ၊ ဘယ်လိုလာရမှာလဲ...ကားနဲ့လာတာပေါ့ အမိရယ်၊ နွယ့်မှာ လေထဲကနေ ပျံသန်းလာစရာ အတောင်ပံမှမပါဘဲကိုး"

မေးလေးကို အပေါ်မော့လျက် ပြောနေသည့်တိုင် နွယ့် ခါးလေးဟာ ကိုင်းညွှတ်ထားဆဲ။ ဦးခေါင်းဟာ ယွန်းမှီ ပုခုံးနားမှာ ခိုကပ်နေဆဲ။ ယနေ့တော့ဖြင့် အသည်းယားစရာ အမှုအရာမျိုးနှင့် ချိုသာနေသည့် နွယ်ပါလေ။

"နွယ်...၊ ဘာလုပ်နေတာလဲ "

ဈေးချင်းတောင်းကို မြေပေါ်ချပြီး အမေးရှိတော့ သစ်ခက်နွယ်ဟာ လက်ထဲက ကလစ်တွေကို မေးဆတ်ပြသည်။ ထို့နောက် သူ့ဦးခေါင်းကို လက်ညိုးထိုးပြပြန်၏။ မျက်ဝန်းများမှာမူ အစာတောင်းနေသည့် ကြောင်ပေါက်လေးလို တောက်ပရွှန်းလဲ့နေလျက်။

သို့နှင့် ယွန်းမှီသည် ဝယ်လာသမျှ လလစ်များအား နွယ့်ကေသာထက်၌ တစ်ခုမကျန် ပန်ဆင်ပေးလိုက်သည်။ ဝယ်ထားမိသမျှက များလှသော်လည်း ယွန်းမှီ ပန်ဆင်ပေးသမျှကို နွယ်က ငြိမ်ငြိမ်လေး ခံယူသည်။

ခေါင်းတစ်ခုလုံး ကလစ်အရောင်စုံ ဖုံးလွှမ်းနေပြီ။ ဘေးနားက ဈေးသူဈေးသားများကလည်း ကလစ်တွေ အစုလိုက်အပြုံလိုက် ပန်ထားသူ နွယ့်ကိုရော၊ ပန်ပေးသူ မိမိကိုရော ရယ်ချင်သလို၊ ထူးဆန်းသလို ကွက်ကြည့် ကွက်ကြည့်လုပ်လာကြပြီ။

နွယ်ကတော့ အရေးစိုက်ဟန်မတူ။ အကုန်လုံး ပန်ဆင်ပြီးသွားတော့မှ ခါးကို တည့်တည့်မတ်သည်။ နောက်ဆုံး ကျန်နေသေးသည့် တစ်ခုအား လှမ်းယူ၍ ကျစ်ဆံမြီး၌ပါ အဆစ်တွယ်လိုက်သေးသည်။
ထို့အခါမှသာ နွယ်က လှလှလေး ပြုံးသည်။ ဆိုင်ဘေးတွင် ကပ်ချိတ်ထားသော မှန်၌ သူ့ဆံပင်ကို အသေအချာ ပြုပြင်လိုက်သေး၏။

"အင်း....၊ အမိ လွှင့်ပစ်တာ နည်းနည်းတော့ များသွားပြီထင်ပါရဲ့၊  နွယ့်ဆံပင်တွေ ရှည်နေတာပဲကျေးဇူးတင်ရတယ်... မဟုတ်ရင် ဆန့်ပါ့မလားပဲ"

ထိုစကားကို ရယ်သွေးလွှမ်းလျက် နွယ်ကဆိုသည်။ အားလုံးဟာ နွယ့်အတွက်လို့ မပြောလည်း သိနေသလိုထင်ရ‌သော်ငြား နွယ်က တကူးတက တောင်းဆိုခဲ့သည်။ သန့်တန့်ရောင် သံယောဇဉ်ကို နွယ် ဖန်တီးနေပြီလော။ ဘာကိုမှ မသိနိုင်ပါလေ။
နွယ်အမှုအရာများဟာ ခန့်မှန်းရခက်လွန်းသည်ပင်။

သံယောဇဉ် နွယ် [Completed]Onde histórias criam vida. Descubra agora