part 9 (Unicode)

8.5K 963 56
                                    

Part 9

"အဟမ်း..မပြောတတ်ပါဘူး မောင်လေးရယ် ၊ အစ်မဖြင့် သိပ်နားမလည်ပါဘူး"

မျှော်လင့်ချက် မျက်ဝန်းတို့ဖြင့် စိုက်ကြည့်နေသော စောမောင်ရှေ့မှာ စကားကို ခပ်တည်တည်သာ ပြောမိသည်။ စိတ်ထဲမှာတော့ အားတုံ့အားနာ။

"ကျွန်တော်လေ အခုမှ မြင်မြင်ချင်း ချစ်မိတယ်ဆိုတာကို နားလည်တော့တာ၊ အဲဒီ ခံစားချက်ကြောင့် နေ့နေ့ညည ကျွန်တော့်မှာ ရူးမလိုပဲ သိလား အစ်မရယ်"

"ဟုတ်လား..၊ အစ်မတော့ မကြုံဖူးလို့ မသိဘူးကွယ်"

မြင်မြင်ချင်း အချစ်တဲ့လား။ အသိဆုံးနှင့် အယုံကြည်ဆုံးပေါ့ မောင်လေးရယ်လို့ ပြောချင်စိတ်ကိုလည်း ပါးစပ်ဖျားမှာတင် ပြန်မျိုချထားရသည်။ လွယ်တော့မလွယ်လှ။ ညာရပြန်သည်။

မိမိထံမှာ မြင်မြင်ချင်း တွယ်ငြိမိတဲ့ မှဲ့ကလေးတစ်လုံးရှိသည်။ အေးစက်စက် လက်ဖဝါးလေးလည်းရှိသည်။ ကျစ်ဆံမြီးလေးနှင့် ရေစိုနေသော ထဘီအနားသတ်လေးကအစ မြတ်နိုးစွာ တန်ဖိုးထားမိရသော ထိုအညိုရောင်လေး။

အင်း... မြင်မြင်ချင်း ရစ်ငင်ခံလိုက်ရသည့် အဲဒီ စွဲမက်စရာ နွယ်.....

"လူရှိလားဗျို့!!! "
"လူရှိလား!!! "

ရုတ်တရက်‌ရောက်လာသော သူတစ်ယောက်ကြောင့် အရှိန်ယူနေသည့် စောမောင်မှာ ပြောလက်စကို အဆုံးမသတ်လိုက်ရ။ သူ့ခမျာ ချစ်ကြောင်း ၊ကြိုက်ကြောင်းများကို အစပျိုးရန် ပြင်တုန်းရှိသေး၊ အနှောက်အယှက်က ဝင်လေပြီ။

"ဪ..ရှိသားပဲ"

"အောင်မဲညိုပါလား..၊ မုန့်ဝယ်မလို့လား ကလေး"

"မဟုတ်ဘူး၊ အစ်မ ခိုင်းလိုက်လို့"

"အို.. အစ်မကလား၊ နွယ်က ဘာများခိုင်းလိုက်တာလဲ"

နွယ်ဆိုသည့် နာမ်လေး ကြားရုံနှင့်မျှ လူက မရိုးမရွဖြစ်နေပြီ။ ဘေးနားက စောမောင်ကို ကြည့်လိုက်တော့ သူ့မှာလည်း ခေါင်းတကုတ်ကုတ်နှင့် ကြံရာမရရှာ။

"နေဦး ခဏ"

ပြောရင်းဆိုရင်း အောင်မဲညိုက သူ့၏ အရောင် ညစ်ညစ် လွယ်အိတ်ပေါက်စထဲကို လက်နှိုက်သည်။ဘာကို ရှာသလဲတော့မသိ ၊မွှေနှောက်ရှာဖွေနေသည်။ ထို့နောက် လောက်လေးခွကြီးက အရင်ထွက်လာ၏။

သံယောဇဉ် နွယ် [Completed]Where stories live. Discover now