Part 32
တပိုတွဲ...ပေါက်လဲရယ်တဲ့ ငုံစီ....
စာဆိုညွှန်းဖွဲ့ရန်ပင် ခက်လှသည်။ ဤအလှတရားသည် ကိုယ့်မျက်လုံးနှင့် ကိုယ်တိုင်အတည်ပြုကာမှ ပြီးပြည့်စုံလိမ့်မည်ထင်၏။
လက်ပံနှင့် ပေါက်တို့သည် ရဲရဲနီအောင် အပြိုင်အဆိုင် ပွင့်နေကြသည်။ လက်ပံခင်းသော လမ်းနီနီကိုတော့ ရှုမငြီးဟု တင်စားလိုက်ချင်သည်။ လေတစ်ချက်တိုးတိုင်း ရင်မှာ ဆွေးမြေ့မြေ့ရှိလှသည့် လွမ်းဖွယ် ဥတုမို့ အသည်းနင့်အောင် လွမ်းမိသည်ကိုလည်း အပြစ်ဟုမဆိုသာ။
နှစ်ယောက်အတူ ဖြည်းဖြည်းသက်သာ လမ်းလျှောက်လာကြရင်း ငုဝါသည် လမ်းတစ်လျှောက်ရှိ အပင်တို့မှ အကိုင်းအခက်လေးများကို လက်ဖြင့် ဆွဲကာ ဆိတ်ကာ တို့ထိနေသည်။ သူ့ပုံစံက ဘာမျှ မပြောင်းလဲ။ အမူအရာတို့ကလည်း အရင်လို ချစ်စဖွယ်ကောင်းဆဲ။ ရွှေဝါဝင်းသော အသားအရေနှင့် လိုက်ဖက်လှစွာ အဝါနုရောင် ဇာအင်္ကျီလေးအပါးကို ဝတ်ဆင်ထားသည်။ ရွှေလည်တိုင်ကျော့ကျော့တွင်တော့ ရွှေဆွဲကြိုးသေးသေးမျှင်မျှင်လေးတစ်ကုံးနှင့်။
"ငုဝါမှန်တယ် သိလား "
"အို... ဘာကိုလဲ"
"အစ်မ သေချာပေါက်ပြန်လာမယ်လို့ ငုဝါထင်ခဲ့တယ်၊ အခု ပြန်လာပြီလေ"
ယွန်းမှီ ယဲ့ယဲ့လေးပြုံး၍သာ အသိမှတ်ပြုဟန် ခေါင်းညိမ့်မိသည်။ ထိုတုံ့ပြန်ပုံကို မြင်သော် ငုဝါက သဘောကျသလို ဟက်ခနဲ တစ်ချက်ရယ်သည်။
"အစ်မရယ်...၊ မှိုင်နေတာများ ကြည့်ပါဦး ခရီးရောက်ဆိုက် ကြိုပွေ့ရမဲ့သူ မရှိလို ဝမ်းနည်းနေရှာတယ်ထင်ပါ့ ဟုတ်လား"
" ဝန်မခံချင်ပေမဲ့ ငြင်းလည်းမငြင်းနိုင်ဘူးရယ်၊ အစ်မလေ... သိပ်ကိုဝမ်းနည်းသွားတယ်၊ ပြီးတော့ ကြောက်လည်းကြောက်တယ်"
"ဘာကိုကြောက်တာလဲ"
"အပြီးတိုင် ခွဲခွာခြင်းကိုပေါ့၊ အဲလိုသာဆို အစ်မဖြင့် ရူးပြီးကျန်ခဲ့မှာ"
"အင်းလေ ရုတ်တရက်ဆိုတော့ လန့်စရာပဲပေါ့"
နွယ်ဟာ ခရီးခဏထွက်နေသည်ဟု သိရသည်။ နွယ်သည် အရင်ကထက် အလုပ်ပိုရှုပ်နေတတ်သည်တဲ့။ အရင်ကနှင့်မတူတော့ဟုဆိုသည်။ ပြောင်းလဲနေပြီဟု ဆိုသည်။ မည်ကဲ့သို့သော ပြောင်းလဲမှုဆိုသည်ကိုတော့ ငုဝါက ပြောမပြ။ ပဟေဠိလို ထိန်ချန်ထားသည်။ အစ်မ မျက်လုံးနှင့် ကိုယ်တိုင်အတည်ပြုပါဟုလည်း ပြောထားသည်။
VOUS LISEZ
သံယောဇဉ် နွယ် [Completed]
Roman d'amour(Unicode+ Zawgyi) အချစ်ဟာ ရုန်းလေး နစ်လေ ဖြစ်တတ်တဲ့ နွံအိုင်ငယ်တစ်ခုဆိုရင် သံယောဇဉ်ဆိုတာဟာ ဖယ်ပစ်လေ နွယ်ရစ်လေ ရှင်းပစ်ရခက်တဲ့ အကိုင်းအခက်တစ်ခုဖြစ်လိမ့်မယ်။