Part 10
မိုးကမရွာ၊ နေကသာသည်။
လေပြည်က ခပ်သော့သော့နှင့် ရာသီဥတုမှာ ချမ်းစိမ့်စိမ့်ဖြစ်နေ၏။
မိုးရာသီဖြစ်သည့်တိုင် ဆောင်း၏ ရှေ့ပြေး မြောက်ပြန်လေကလည်း စတင် တိုက်ခတ်စပြုနေပြီ ဖြစ်သည်။ဤရွာငယ်ရှိရာ ဒေသတွင် ယခုနှစ် မိုးဦးစောသော်ငြား မိုးနှောင်း မကောင်းချင် ။
ရွာထိပ်က ကန်ကြီး၌ သိုလှောင်ထားသော ရေများတောင် သိပ်မလောက်ငှသလို သဖန်းဆိပ်ဆည်ကြီးလည်း မကယ်နိုင်ပြီ။သို့သော် တောသူတောင်သား လယ်သမားတို့ကတော့ ကောင်းကင်ကို မော့တကြည့်ကြည့်နှင့် မိုးကို မျှော်ဆဲပင်။ စိုက်ထားသော ကောက်ပင်လေးများက စိမ်းညို့နေပြီ။ သွင်းရေထုတ်ရေ အလှည့်ကျလေး ပေးချင်လှသည့်တိုင် အဆင်မပြေလှပေ။
လယ်တွင်းရှိသမျှ ရေလေးကို တစ်စက်တစ်လေမျှ အလေအလွင့်မရှိအောင် အရိပ်ကြည့်နေကြရင်း မြေကြီးမှ ရွှေသီးမည့် စပါးဖုံးလုံးချိန်ကို မျှော်ကြလေသည်။ စပါးပင်ကြားက ပေါင်းမြက်တို့ကို ဂရုစိုက်ရှင်းလင်းကြသည်။ လယ်သမားဦးကြီးတို့နှင့် သူတို့ဇနီးများမှာလည်း ကိုယ့်စပါးခင်းလေးအတွက် အတူတကွ ရုန်းကန်ကြရင်း မအားလပ်နိုင်ကြ။
ဤရွာတွင် အိမ်ရှိ ဝေယာဝစ္စအလုပ်လေးသာ လုပ်ရပြီး အားနေသူဆိုလျှင် ယွန်းမှီတို့ သားအမိသာ ရှိမည်ထင်၏။ အိမ်ကိုလာပြီး အတင်းတုပ်နေကျ မလုံးတင်တို့ ပျိုဖြူတသိုက်တောင် အရင်လို ခဏခဏ မလာအားကြတော့ပေ။
မန်ကျည်းပင်အောက်ရှိ ဈေးဆိုင်တဲကလေးတွင် ယွန်းမှီ တစ်ယောက်တည်း ငြိမ်ငြိမ်လေးထိုင်နေသည်။ အခြားမည်သူမျှမရှိ။ ဘွားမှီသည်လည်း မေမေ့ကို ခေါ်၍ ဘုန်းကြီးကျောင်းသွားကြသည်။ ရွာဦးဘုန်းကြီးကျောင်းမဟုတ်ဘဲ ရွာနှင့်အနည်းငယ်လှမ်းသော တောရကျောင်းသို့ သွားကြခြင်းဖြစ်သည်။
ဖြူဖွေးမှာလည်း ထုံစံအတိုင်း ကိုသောင်းစိန်အလုပ်လုပ်ရာ အရှုပ်လိုက်သွားလေပြီ။သို့ဖြစ်၍ အိမ်စောင့်အဖြစ် ဈေးဆိုင်ငယ်လေး၌ ကျန်နေခဲ့ရသူမှာ မိမိသာလျှင်တည်း။ မန်ကျည်းပင်မှ မန်ကျည်းရွက်တို့ အနည်းငယ် ကြွေကျနေသည်။ လေအဝေ့၌ ကိုယ်ကလည်း ချမ်းစိမ့်သွားသည်။ ထူးဆန်းဖွယ် ရာသီဥတုပါတည့်။ ထို့ပြင် စကားပြောဖော်လေးမျှလည်း မရှိ။ ပျင်းရိဖွယ်ပါပင်။
YOU ARE READING
သံယောဇဉ် နွယ် [Completed]
Romance(Unicode+ Zawgyi) အချစ်ဟာ ရုန်းလေး နစ်လေ ဖြစ်တတ်တဲ့ နွံအိုင်ငယ်တစ်ခုဆိုရင် သံယောဇဉ်ဆိုတာဟာ ဖယ်ပစ်လေ နွယ်ရစ်လေ ရှင်းပစ်ရခက်တဲ့ အကိုင်းအခက်တစ်ခုဖြစ်လိမ့်မယ်။