Part 20
"နွယ်... နင်ကို ငါ့နှလုံးသားကမမုန်းနိုင်သရွေ့ မျှော်လင့်နေဦးမှာ"
" ငုဝါရယ်... "
"ဟုတ်တယ် နွယ်၊ နင့်ကို ဆက်ပြီးမချစ်ဖို့ဆို ခါးခါးသီးသီးမုန်းနိုင်ဖို့ လိုတယ်၊ မဟုတ်ရင် ဘယ်တော့မှ ငါလက်လွှတ်နိုင်မယ်မထင်ဘူး"
ဆိတ်ငြိမ်သော ပတ်ဝန်းကျင်ဝယ် အနေခက်စေသော စိမ်းသက်သက် ရာသီဥတုကသာ လွှမ်းမိုးထားသည်။ နွယ်က သက်ပြင်းကို လေးတွဲစွာ ချသည်။ ငုဝါမှာမူ နွယ့်ကိုသာ စူးစိုက်ကြည့်နေလျက်။ စကားသံတို့ တိတ်ဆိတ်သွားပြီးနောက် ယွန်းမှီ ထိုနေရာမှ ထွက်ခွာဖို့ ပြင်လိုက်သည်။ နွယ်ပြောသလို မိမိဟာ အပြင်လူ၊ မိမိဟာ ဧည့်သည်တစ်ယောက်မျှသာ။ နောက်ကျခဲ့ပြီးသော သံယောဇဉ် ကြိုးတစ်ချောင်းမျှသာ။
"ငုဝါကို နွယ် မချစ်နိုင်ဘူးကွယ်"
တိုးလျစွာ ထွက်ပေါ်လာသော နွယ့်အသံကြောင့် ယွန်းမှီ ခြေလှမ်းများ တိခနဲ ရပ်တန့်သွားသည်။ ထို့နောက် မသိစိတ်၏ စေ့ဆော်မှုအရ နွယ့်ထံမှ နောက်ထပ်စကားကို မျှော်လင့်မိသည်။ တစ်ဆက်တည်းမှာပင် အပြာရောင် ကြာတွေကို သတိရမိသည်။ သက်တန့်ရောင် သံယောဇဉ်ဆိုတာကိုလည်း မျှောင်လင့်မိသည်။
နွယ်ရေ ကျေးဇူးပြုပြီး အစ်မကို ကြည့်စမ်းပါ။
မမြင်ကွယ်ရာမှ ချောင်းကြည့်နေရသူထံမှာ ဘယ်လို မျှော်လင့်ချက်တွေ ရှိနေမလဲ၊ မင်းလေး တွေးဆကြည့်လှည့်ပါ။
မြတ်နိုးခြင်းတွေကို မြင်အောင် ကြည့်လှည့်ပါ။"တို့တွေ အရင်လို သူငယ်ချင်းပြန်လုပ်ရအောင်လား ငုဝါရယ် ဟင်"
"နင် မောင့်ကို ကြိုက်နေတာလား "
ငုဝါ၏ အမေးကြောင့် နွယ်က ပြုံးသည်။ နွယ်ဆိုတဲ့ မိန်းကလေးဟာ သူ့အား သဘောကျနေသူ၏ ရှေ့မှောက်၌ လှလှလေးပြုံးနေ၏။ ယွန်းမှီ မျက်မှောင်တစ်ချက် ကြုတ်မိသည်။ နွယ်ဟာ အပြုံးတွေကို ဖောဖောသီသီ သုံးတတ်ပါပကော။
"မောင်ဟာ နွယ့်တို့ နှစ်ယောက်ရဲ့ သူငယ်ချင်းမဟုတ်လားကွယ် "
သည်တစ်ခါ သက်ပြင်းချသူကတော့ ငုဝါပါပင်။ မောင့်ကိုမချစ်ဟု ဆိုလိုက်သည်မို့ စိတ်ချသွားသည့်ဟန်။ တစ်ဖက်သတ်အချစ်မှန်သမျှ နာကျင်ရသည်ကို သိပါလျက် သူငယ်ချင်းအား ချစ်ခဲ့မိသူ ငုဝါဟာ သနားဖွယ်ဟု ယွန်းမှီ ထင်မိသည်။
VOUS LISEZ
သံယောဇဉ် နွယ် [Completed]
Roman d'amour(Unicode+ Zawgyi) အချစ်ဟာ ရုန်းလေး နစ်လေ ဖြစ်တတ်တဲ့ နွံအိုင်ငယ်တစ်ခုဆိုရင် သံယောဇဉ်ဆိုတာဟာ ဖယ်ပစ်လေ နွယ်ရစ်လေ ရှင်းပစ်ရခက်တဲ့ အကိုင်းအခက်တစ်ခုဖြစ်လိမ့်မယ်။