Chapter - 110

8.8K 1.1K 41
                                    

ရက်သတ္တပတ်ကြာပြီးနောက်မှာတော့ First High ကျောင်းသားတွေရဲ့ ကျောင်းလူဆိုးအပေါ်မြင်တဲ့ အမြင်မှာ အသစ်တစ်ဖန်ပြောင်းသွားတယ်။

ပထမဆုံးအနေနဲ့ ဆုချီက ဖိုရမ်မှာ ငိုယိုရင်းတောင်းပန်တဲ့ ပိုစ်တင်လာတယ်။ အဲ့နောက်တော့ ရုန့်ဝေက နောက်နောင် ထန်ရှရှနဲ့ပက်သက်ပြီး သူ့ရှေ့မှာ ဘာဆိုဘာမှ ထပ်ပြောမလာကြဖို့ ခြိမ်းခြောက်တယ်။ တစ်ယောက်က အခင်ဆုံးသူငယ်ချင်း တစ်ယောက်က တစ်ဖက်သတ်ကြိုက်နေတဲ့သူ၊ သူတို့နှစ်ယောက်ကတောင် အသံဖိုင်နားထောင်ပြီးနောက် အခုလိုဖြစ်သွားကြတာပဲ။ ‌ဘေးကကြည့်တဲ့လူတွေအနေနဲ့ ဘယ်သူမှန်တယ် ဘယ်သူမှားတယ်ဆိုတာ နားလည်ရကောင်းပါရဲ့။

တချို့ကျောင်းသားတွေဆို နားချိန်မှာတောင် Class 1ကို တကူးတကလာပြီး ဆုံညီနေ့ကအကြောင်း မုန့်ပေးရင်း လာတောင်းပန်တဲ့နေ့တွေ ရှိတယ်။
"ချယ်‌ကော၊ အများကြီးမှားခဲ့မိပါတယ်၊ ကျေးဇူးပြုပြီး လက်ခံပေးပါ"ဆိုပြီး။

အမှန်တော့ ဒီလိုပုံစံ ကျောင်းသားကလည်း အနည်းစုပါပဲ၊ အများစုကျန်တဲ့ ကျောင်းသားတွေက ဘာမှမဖြစ်ခဲ့သလိုမျိုး ရင်ထဲမှာ တိတ်တိတ်ကလေးပြီးသွားကြတာများတယ်။ နည်းနည်းတော့ အပြစ်ရှိသလို ခံစားချင်ခံစားရမှာပေါ့၊ ဒါပေမယ့် ကိုယ့်စိတ်ထင်သလို ‌ဆဲဆိုပြောထားတဲ့လူတစ်ယောက်ကို ပြန်တောင်းပန်ရမယ်ဆိုတာက လူတိုင်း ဒီလိုမျိုးမျက်နှာအပျက်ခံနိုင်ကြတာတော့ မဟုတ်ဘူး။

ဘာပဲဖြစ်ဖြစ် ပြီးခဲ့တဲ့ကိစ္စတွေက ပြီးသွားပြီမို့လား။

ကျန့်ယောင်ကတော့ သက်ပြင်းချတယ်။
"သူတို့စကားလုံးတွေ အပြုမူတွေကမှ တစ်ဖက်သားကို အနိုင်ကျင့်နှိပ်စက်ရာ ကျတယ်ဆိုတာကို သူတို့ မသိကြဘူး၊ မင်းစိတ်မာလို့သာ မဟုတ်ရင် စိတ်ဓာတ်ကျပြီး တိုက်ပေါ်ကတောင် ခုန်ချလောက်တယ်"

ဒီစကားတွေ ပြောတဲ့အချိန်ဟာ သူတို့နှစ်ယောက် အဆောင်ခေါင်မိုးပေါ်မှာ လေညှင်းခံရင်း ထိုင်နေကြတာဖြစ်တယ်။

ကောင်းကင်ကြီးက မှောင်မဲနေပြီး ကျယ်ပြောလို့ အဆုံးမရှိပေ။

Pay Attention To Me [Myanmar Translation]Where stories live. Discover now