Chapter 110 (Zawgyi)

1K 26 1
                                    

သူတို့တွေးထားတာထက်တောင် ကျူးကျူးကပိုအလုပ်ကြိုးစားနေပြီး ပထမဆုံးရက်မှာတင် လေ့လာရန်အတွက် ကုမ္ပဏီမှာ အချိန်ပိုဆင်းလေသည်။ သူမ မပြန်တော့ တုနွမ်လည်း မပြန်ရဲပေ။ 'ဒရိုင်ဘာကို မရီးကို ပြန်ပို့ပေးဖို့ပြောရတော့မှာပဲ' ဒီလိုမျိုး တွေးကြည့်လိုက်တော့ တုနွမ် ပိုလို့တောင် ခါးသက်သွားသည်။ ' ဒီအတွဲက နှစ်ယောက်လုံး အချိန်ပိုဆင်းရတာကြိုက်ကြတာလား။ ကံကောင်းလို့ ငါလေးအသက်ရှင်နေတာပဲ!'
ဖုန်းသံ ကျယ်လောင်စွာမြည်လာသည်။
ချန်ကျမ်း ။ "မပြီးသေးဘူးလား?"
တုနွမ် တုန်လှုပ်စွာနဲ့ "ခဏနေရင် ပြန်လွှတ်လိုက်ပါမယ်" ကျူးကျူးအချိန်ပိုဆင်းတာကြောင့် ကုမ္ပဏီရဲ့ လူပျိုထဝက်လောက်က စိတ်လှုပ်ရှားစွာနဲ့အတူတူအချိန်ပိုဆင်းနေကြကြောင်း တုနွမ် ချန်ကျမ်းကို မပြောရဲပေ။
'ဒါလည်း ကောင်းတာပဲ။ သူဌေးရဲ့ ဇနီးကို သူတို့ ဖွင့်မပြောကြရင် ပိုတောင်ကောင်းအုန်းမှာ'
ကျူးကျူး အရင်ကချထားတဲ့ အစီအစဉ်တွေ၊ ဂိမ်းရဲ့နောက်ခံကနေ ဒီဇိုင်းတခုလုံးရဲ့ စတိုင်တွေ၊ ဇာတ်လမ်းတွေ၊ ဇာတ်ကောင်တခုချင်းစီရဲ့ ဇာတ်ကြောင်းတွေကို သေသေချာချာ တခေါက်ပြီး တခေါက်ဖတ်ရင်း သူမရဲ့ စိတ်ကူးစိတ်သန်းလေးတွေကိုလည်း လိုတဲ့နေရာမှာ ဖြည့်ရင်း အလုပ်များနေသည်။
အဲဒီအချိန်မှာ တယောက်ယောက်က တံခါးကို ခေါက်လာသည်။ ကျူးကျူး ခါးကြောဆန့်လိုက်ကာ လောင်မန့်လို့ထင်ပြီးကြည့်လိုက်တော့ တုနွမ်ဖြစ်နေသည်။
"မင်းရဲ့ ဒီနေ့တိုးတက်မှုက အတော်ကောင်းနေပါပြီ။ အိမ်ပြန်နားလိုက်ပြီး မနက်ဖြန်မှ ဆက်လုပ်ပေါ့" တုနွမ်ပြုံးရင်းနဲ့ ပြောလိုက်သည်။ "ကိုယ်ခန္ဓာက အဓိကပဲ။ ငါတို့က တဖြေးဖြေးချင်းနဲ့ တိုးတက်လာတာကိုပဲ လိုချင်တယ်။ တခါတည်းနဲ့ အားအင်တွေ အများကြီး မဖြုန်းမိစေနဲ့"
ကျူးကျူး ခေါင်းညိတ်မိလိုက်သည်။ အဲတော့မှ သူမရဲ့ ပုခုံးတွေဟာ တောင့်တင်းပြီးတော့ ကိုက်ခဲနေကြောင်း သိလိုက်ရသည်။
"ဒရိုင်ဘာကို မင်းကို ပြန်ပို့ဖို့အတွက် ငါပြောထားတယ်။ ဒီလောက် နောက်ကျနေရင် မိန်းကလေးတွေ တယောက်တည်း ပြန်ရင် မသင့်တော်ဘူး"
"အားနာစရာတွေ ဖြစ်ကုန်ပါပြီ..."
"ရပါတယ်။ ကုမ္ပဏီမှာလည်း မိန်းကလေးဝန်ထမ်းတွေ အနည်းအကျဉ်းရှိတယ်။ သူတို့ကိုလည်း ဒီလိုပဲ ဆက်ဆံတာပဲ" 'အထူးသဖြင့် မရီးဖြစ်နေရင် လုံးဝကို သူများထက် သာနေရမှာပေါ့'
ကျူးကျူး လုံးဝထိသွားတော့သည်။ "တကယ်ကို ကျားချန်ပါပဲ။ ဝန်ထမ်းတွေကို ဆက်ဆံတာက အရမ်းကောင်းတာပဲ"
တုနွမ် ရုတ်တရက် အပြစ်ရှိစိတ်နဲ့ အနေရခက်စွာ ပြုံးလိုက်သည်။
တုနွမ်ဖုန်းကနေ သီချင်းသံ ထွက်ပေါ်လာသည်။ ကျူးကျူးကို အပြင်လူလို့ မသတ်မှတ်တာကြောင့် ရှေ့တင် ဖုန်းကိုင်လိုက်ပြီး ဖြေလိုက်သည်။ "ဇူးမာ?"
ဇူးမာ နာမည်ကို ကြားပြီးနောက် ကျူးကျူး တွေးလိုက်မိသည်။
'တကယ်လို့ ငါမှတ်မိတာသာ မှန်ရင် အခုချိန်မှာ ဇူးမာဟာ အလေးနက်ဆုံး ထိခိုက်မှုကြောင့် ဒုက္ခရောက်နေမှာပဲ...'
ဖုန်းတဖက်က ဇူးမာရဲ့ အသံဟာ တိုးလျော့နေသည်။
"တောင်းပန်ပါတယ်။ ကျွန်တော့်လက်ထိခိုက်သွားလို့ ပြိုင်ပွဲမှာ ဝင်မပြိုင်နိုင်တော့ဘူးထင်တယ်.."
ကျူးကျူး ဒီစာအုပ်ကို ဖတ်စဉ်တုန်းက ဒီဇာတ်ကြောင်းနဲ့ ပတ်သက်ပြီး အံ့အားသင့်ခဲ့ရတယ်။ တလျှောက်လုံး ဘာအခက်အခဲမှ မရှိပဲ စီးဆင်းနေတဲ့ရေလိုမျိုး ဇာတ်ကြောင်းပြောင်းလဲမှုမရှိပဲ အေးအေးဆေးဆေးပဲ ဇာတ်လမ်းက သွားနေသည်။ ဇာတ်လိုက် ထိခိုက်တဲ့ တချိန်ပဲ နည်းနည်းဇာတ်ကြောင်း အတက်အကျရှိတာပေ။ ဝတ္ထုရေးသူက အဲအကြောင်းကို အများကြီး ထည့်မရေးတာတောင် ဇာတ်လိုက်ရဲ့ နာကျင်မှုကို သူမလုံးဝကိုယ်ချင်းစာပေးနိုင်သည်။
E-sports ကစားသမားတွေဆိုတာ အလုပ်သက်တမ်းတိုပြီး အသစ်တွေအဆက်မပြတ်တဲ့လောကပေ။ ဇူးမာဟာ ဒီမတိုင်ခင်လည်း ကျော်ကြားခဲ့ပေမဲ့ သူ့ရဲ့အအောင်မြင်ဆုံးထိပ်ဆုံးက်ု မရောက်ခင် အတက်အကျတွေ အများကြီး ကြုံခဲ့ရသေးသည်။

(Book 2) ဒုတိယဇာတ်လိုက်ရဲ့ဇနီးဟောင်းအဖြစ်သို့ကူးပြောင်းလာခြင်း Where stories live. Discover now