တုနွမ်တယောက် မိန်းမတွေရဲ့ ဦးနှောက်လည်ပတ်ပုံကြောင့် လုံးဝကိုလက်မြှောက်အရှုံးပေးလိုက်ရတော့သည်။
တနာရီလောက် အပူတပြင်းဆွေးနွေးပြီးတော့ ကျူးကျူးကို ချက်ချင်းအကုန်လုံးချပြတာထက် ဖြေးဖြေးချင်းစီ အရိပ်အမြွက်ပြပြီးတော့ သူမပိုပြီးသိလာတာက အကောင်းဆုံးပဲလို့ အကုန်လုံးသဘောတူလိုက်ကြသည်။
အကုန်လုံး ပလန် A,B,C တွေချကာ တခုစီမှာ သုံးလေးခုလောက် အကြံပြုချက်တွေပါလေသည်။ အရိုးရှင်းဆုံးအချက်ကနေစလို့ စီးပွားရေးကိစ္စတွေအထိပါလေသည်။
'လုံးဝအကျိုးသက်ရောက်မှုရှိမယ်လို့ ပြောလို့ရလောက်တယ်'
ထိုစဉ် တယောက်ယောက်က တံခါးလာခေါက်လိုက်သည်။
တုနွမ်။ "ဝင်လာခဲ့!"
တံခါးက ဖြေးဖြေးချင်းပွင့်လာပြီး လူတယောက်ကဝင်လာလေသည်။ အဲဒါကတော့ အိမ်မှာပဲ ရှိနေရမဲ့ ရွမ်ကျူးကျူးပါပဲ။
လက်ထဲမှာ အစီရင်ခံစာကို ကိုင်ထားကာ တက်ကတက်ကြွကြွနဲ့ဝင်လာတဲ့ ကျူးကျူးတယောက် နေရာမှာတင် ရပ်တန့်သွားတော့တယ်။
ရုံးခန်းထဲမှာ ချန်ကျမ်းဘေးဝိုင်းကာထိုင်နေတဲ့ လူအုပ်ကြီးကို သူမကြောင်တောင်တောင်နဲ့ ကြည့်နေမိလေသည်။ ကွန်ပြူတာကလည်း ပွင့်နေပြီး မပိတ်ခင်လေး ကျူးကျူးတွေ့လိုက်သေးသည်။
"......"
"......"
'သေခြင်းလှလှတိုးပြီဟ!'
"မရီး၊ ဘာလို့ဒီရောက်လာရတာလဲ??" တုနွမ်ရုတ်တရက် သတိလက်လွှတ် "မရီး" လို့ခေါ်မိသွားပြီး နောက်တစက္ကန့်မှာတော့ သူ့ကိုသူပါးပိတ်ရိုက်လိုက်လေတယ်။
ဖန်ကျိုင်တယောက် တခဏလောက်ဆွံ့အသွားပြီး လူတချို့ကတော့ ခေါင်းတွေငုံ့လိုက်ကာ ကျူးကျူးနဲ့မျက်လုံးမဆုံရဲကြတော့ပေ။
ချန်ကျမ်းတယောက်သာ တည်ငြိမ်နေလေသည်။
အလွန်အမင်းတည်ငြိမ်နေလေသည်။
ဘာတခွန်းမှမပြောထွက်နိုင်လောက်အောင်ကို တည်ငြိမ်နေတာပေ။
"ဘာလို့ ချန်ကျမ်းက ဒီမှာရှိနေတာလဲ?"
ကျူးကျူးက ပိုပြီးတော့တောင် ပြောစရာမဲ့နေသည်။
"အလုပ်ကိစ္စဆွေးနွေးနေတာကို နှောင့်ယှက်မိသွားတာလား?"
ချန်ကျမ်းဟာ ကွန်ပြူတာကို လက်တဖက်နဲ့ပိတ်လိုက်ပြီး "ဒီအတိုင်း ငါ့အလုပ်အကြောင်းပြောနေကြတာပါ"
ကျူးကျူး။ ".....ဒါပေမဲ့ နင်ကဘာလို့ သူဌေးခုံမှာ ထိုင်နေတာလဲ??"
ချန်ကျမ်း။ "...."
တခြားသူတွေက ပိုပြီးတော့တောင် ကြောင်အနေသည်။ ကျူးကျူးမေးခွန်းမေးလာမှာကို ကြိုတွေးပြီးတော့ မေးခွန်းတွေ အဖြေတွေလုပ်ထားကြပေမဲ့ 'ပလန် A ရော ပလန် B C ရော ဘာမှသုံးစားမရတော့ဘူး။ တဆင့်ပြီး တဆင့်ပြောပြီးတော့ ရုတ်ရင်းဆန်ခတ်မဖြစ်အောင် လုပ်မှာတွေရော အကုန်လုံးသွားပြီ!!'
"မရီးရေ၊ မရီးကိုမပြောတာက သူဌေးလုပ်ခိုင်းတာ!"
"ကိုယ့်မိသားစုကိစ္စ ကိုယ်ဘာသာကို ဖြေရှင်းကြဖို့ တောင်းဆိုပါတယ်!"
"ဟုတ်တယ်။ ဒီမှာမနေကြနဲ့တော့!"
ကျူးကျူး။ "နေကြဦး။ မပြေးကြနဲ့။ သေချာရှင်းပြ!!"
သူမ စကားမဆုံးခင်မှာပဲ လူအုပ်ကြီးဟာ အလျှိုလျှိုရှောင်ပြေးသွားကြကာ အစည်းအဝေးခန်းထဲမှာ တိတ်ဆိတ်ရှက်ရွံ့နေတဲ့ ချန်ကျမ်းနဲ့ ကျူးကျူးကိုသာ ထားကာ ထွက်ပြေးသွားကြလေသည်။
ကျူးကျူးက အရူးမဟုတ်ပေ။ တုနွမ်ရဲ့အားတက်သရောဆက်ဆံပုံတွေကြောင့် သံသယဖြစ်နေတာတော့ ကြာလေပြီ။ အခုချိန်မှာတော့ အကုန်လုံးဆက်စပ်မိသွားလေပြီ။ အစကတော့ ချန်ကျမ်းဘာလုပ်တာလဲ၊ သူတို့ရဲ့ကြား ဘယ်လိုဆက်စပ်မှုရှိနေလဲ မသေချာခဲ့ပေမဲ့ နောက်ဆုံးတော့ အဖြေထွက်ခဲ့လေပြီ။
ကျူးကျူး အသက်ပြင်းပြင်းရှုလိုက်လေသည်။
"ငါထင်ခဲ့တာက နင်ဘယ်လောက်ပဲအားကြီးနေပါစေ အဆုံးကျတော့ နင်က အနားယူသွားတာ e-sport ကစားသမားတယောက်လို့ပဲထင်ခဲ့တာ။ ဘာလို့ အကုန်လုံးက ငါ့ကို အလှိုက်တလဲ အားတက်တရောဆက်ဆံနေကြလဲ မှတ်တယ်။ လက်စသတ်တော့ နင့်ကြောင့် ငါ့ကိုဂရုစိုက်ပေးကြတာကို"
ချန်ကျမ်းဟာ ပြန်ပြောစရာစကားမရှိပေ။
"နင်က ကျားချန်ရဲ့ သူဌေးဖြစ်နေခဲ့တာပေါ့??"
YOU ARE READING
(Book 2) ဒုတိယဇာတ်လိုက်ရဲ့ဇနီးဟောင်းအဖြစ်သို့ကူးပြောင်းလာခြင်း
Humor(Book 2) (Zawgyi+Unicode)