Part 5(Unicode)

2.1K 175 49
                                    

ဓာတ်ပုံအယ်လ်ဘမ်တွေက မိုရ်နဲ့ကိုကိုတို့
နှစ်ယောက်စလုံးရဲ့လက်တွေထဲမှာ အပြည့်အသိပ်​ပါလာကြတယ်။ ကိုကိုငယ်ငယ်တုန်းက ပုံတွေကိုပဲ ရွေးယူလာတဲ့ မိုရ်နဲ့ မိုရ်ပါ,ပါနေတဲ့ ပုံတွေကိုပဲ ရွေးယူလာတဲ့ကိုကို...ဓာတ်ပုံစင်ရှေ့မှာ မိုရ် ကိုကို့ကို တွန်းထုတ်လိုက်ပြီးကတည်းက မိုရ်တို့နှစ်ယောက် မမနှင်းနဒီကို ဘယ်ပုံတွေပြမလဲဆိုတာ မငြင်းခုန်ဖြစ်ကြတော့ဘူး။

တိတ်တိတ်ဆိတ်ဆိတ်နဲ့ပဲ ကိုယ့်သဘောကိုယ်ဆောင်ပြီး မေမေကြီးတို့ရှေ့ပြန်ရောက်လာတော့ ကိုကို့မဟေသီက အံ့ဩသွားဟန်နဲ့ နှုတ်ခမ်းလေးဟလို့ အာမေဋိတ်သံပါ ထွက်ပြလာတယ်။ မမနှင်းနဒီဝေက ရယ်နေတဲ့အချိန်မှာပဲ လှတဲ့အမျိုးသမီးတစ်ယောက်မဟုတ်ဘူး။ လန့်သွားတဲ့ အချိန်မှာလည်းပဲ သူ့ရဲ့ နှစ်လိုဖွယ်ကောင်းနေတဲ့ မျက်နှာလေးက ဘယ်သူ့ကိုမဆို အခိုက်အတန့်တစ်ခု အားဖြင့်တော့ ငေးမောမင်သက်မိသွားစေတဲ့
အကြည့်ခံမိန်းမချောလေး...။

မမနှင်းနဒီဝေဟာ မမကြီးလိုမျိုး မိုရ်ချစ်ခင်ရမယ့် အစ်မတစ်ယောက်ပဲလို့ ခံစားမိစေတဲ့ အ​ခြားတစ်ဖက်မှာ ဒီအမျိုးသမီးလေးကြောင့် ဖြစ်လာတဲ့ ကိုကို့အပြုံးတွေကို မြင်လိုက်ရတော့ မိုရ်ရဲ့မသိစိတ်ထဲက ဗွက်အိုင်ငယ်လေးက သူ့ရဲ့သိစိတ်အပြင်ဘက်အထိ လျှံထွက်ညစ်ပေလာစေပြန်ရော...။

ကိုကို့ဘေးမှာ ဘယ်သူတွေရှိရှိ သူကျေနပ်နိုင်တယ်လို့ ယုံကြည်လက်ခံထားခဲ့တာက တကယ်တမ်းကျ သူ့ကိုယ်သူ လှည့်စားခဲ့တဲ့ ဟန်ဆောင်မှုတစ်ခုထက် မပိုခဲ့တဲ့အပြင် သူရဲ့ သိစိတ်ဘက်အခြမ်းကိုပါ မနာလိုမရှူစိမ့်ခြင်းတွေနဲ့ ဖုံးလွှမ်းသွားစေခဲ့တယ်။ ဒါပေမယ့် လူဆိုတဲ့အမျိုးက တကယ်ကို ထူးဆန်းအံ့ဩဖွယ်ကောင်းလောက်အောင်ပဲ... ကိုယ့်စိတ်ထဲဖြစ်နေတဲ့အရာတွေရဲ့ ဆန့်ကျင်ဘက် သဘောတရားကိုပဲ ​​ထုတ်ဖော်ပြသဖို့ ကြိုးစားနေတတ်ကြတာ...။

ဒီကြိုးစားမှုက ဘာအတွက်လဲဆိုတာ မိုရ်
အခုထိ နားမလည်သေးဘူး။ တခြားသူတွေရဲ့စိတ်ကို မနာကျင်စေချင်တဲ့ ငဲ့ညှာခြင်းမျိုးလား၊ ဒါမှမဟုတ်ရင် ကိုယ့်ကိုယ်ကိုယ် သဘောထားကြီးသူ တစ်ယောက်ရယ်လို့ ကိုယ့်အတွေးထဲမှာကိုယ် မာန်တက်ဂုဏ်ယူ လိုက်ခြင်းမျိုးလား... အရောင်တွေစွန်းနေတဲ့ စိတ်ဝိညာဥ်ထဲကို ဒီလို အစစ်အမှန် မဟုတ်တဲ့
အရောင်တချို့ ထပ်ပေါင်းထည့်လိုက်တော့ရော... ဒီစိတ်ဝိညာဥ်ကြီးက အရင်ကထက်ပိုပြီး လှပသစ်လွင်သွားနိုင်မှာလား...။ ဆန့်ကျင်ဘက်အနေနဲ့
ပိုပြီး အကျည်းတန်သွားစေတဲ့ အရောင်တွေကိုပဲ ဖန်တီးမိစေမှာလား...။

ရောင်စုံများရဲ့ အခြားတစ်ဖက်(U/Z)Tempat cerita menjadi hidup. Temukan sekarang