"ဦးငယ် ငယ်ငယ်တုန်းက သားဖေဖေနဲ့ တူတူပုန်းတမ်းဆော့ရင် ဒီမှာပဲအမြဲလာပုန်းတာ.... ပုန်းတိုင်းလည်း သားဖေဖေက ဦးငယ်ကိုအမြဲမိတယ်"
"ဦးငယ်က တုံးလိုက်တာ..."
"ဟင်..."
"တခြားနေရာမှာပုန်းရင် ဖေဖေမမိတော့ဘူးလေ။
ဦးငယ်က ဒီမှာပဲပုန်းတော့ ဖေဖေပဲနိုင်တော့မှာပေါ့။ ဟား...ဟား ဦးငယ်က ငတုံးကြီး...""အင်း...ဦးငယ်က တကယ့်ငတုံးကြီးပဲနော်"
သူ့စကားကြောင့် ကလေးငယ်လေးရဲ့ရယ်သံတွေ ပိုလို့ကျယ်လောင်လာတယ်။ အဲ့ဒီရယ်သံတွေက
သူ့ဝိညာဉ်မှာ ဖိနှိပ်ထားခဲ့ရတဲ့ အမှန်တရားတွေကို တစ်ခုချင်းစီ ဆွဲထုတ်လွှင့်ပစ်လိုက်သလိုမျိုး ကလေးငယ်လေး မြင်နေရတဲ့ အပြင်ပန်းပုံရိပ်ဆီမှာပါ လာသက်ရောက်တယ်။ သူ့ခံစားချက်တွေကနေ ထွက်ပြေးပုန်းခိုမိချိန်တိုင်း ကိုကိုကပဲ သူ့ကို အမြဲရှာတွေ့နေတာတွေ၊ နားလည်ရခက်တယ်လို့ မိုရ်ထင်ခဲ့တဲ့ ကိုကို့အပြုအမူတွေအားလုံးက သူ့ရဲ့လုပ်ဆောင်ချက်တွေနဲ့ပဲ တိုက်ရိုက်အချိုးကျနေခဲ့တာ...။ကိုကိုရှာတွေ့နိုင်မယ့်နေရာမှာပဲ အမြဲရှိနေတတ်တဲ့
မိုရ်၊ ကိုကို့ဆီကနေ အကြိမ်ကြိမ်အခါခါ ထွက်ပြေးဖို့ ကြိုးစားပေမယ့် ထွက်မပြေးနိုင်ခဲ့တဲ့ မိုရ်၊ အဆိုးဆုံးကတော့ သူ့ခံစားချက်တွေက မဖြစ်သင့်တဲ့၊ မှားယွင်းနေတဲ့ အရာတွေမှန်း သိသိရက်နဲ့တောင် အဲ့ဒီခံစားချက်တွေကို မစွန့်လွှတ်နိုင်ခဲ့တဲ့ မိုရ်...။ သူဟာ အဲ့ဒီလိုမျိုးနဲ့ ကိုကိုနဲ့ပတ်သက်တဲ့ သူ့မျှော်လင့်ချက်တွေကို
မသိစိတ်ထဲမှာ အပြည့်အသိပ် မြှုပ်နှံထားခဲ့ပြီး ကိုယ့်ကိုယ်ကိုယ်လည်း နစ်နာသူတစ်ယောက်လို အထင်မှားခဲ့သေးတယ်။"သားပြောတာမှန်တယ် ဦးငယ်က တကယ်တုံးတာ...။
ကိုယ်ဘာတွေလုပ်နေမှန်း မသိလောက်အောင်ကိုတုံးတာ..."သူ့ကိုကြည့်နေတဲ့ ကလေးငယ်လေးအကြည့်တွေက ရိုးသားဖြူစင်လွန်းလို့ မိုရ်...သူကိုယ်သူ ပိုပြီးစက်ဆုပ်ရွံရှာမိလာတယ်။ ရောင်စုံတွေပြန့်ကျဲနေတဲ့ ဝင်္ကပါထဲက မလွတ်မြောက်နိုင်ခင်မှာဘဲ နောက်ထပ်နောက်ထပ်ဝင်္ကပါတွေက အရပ်မျက်နှာအနှံ့ကနေ အဆုံးမသတ်နိုင်အောင် ရှုပ်ထွေးကြပ်သိပ်လာခဲ့ပြန်ရော။
သူ ဘာဆက်လုပ်ရမလဲ...၊ ဘယ်လမ်းကိုရွေးချယ်ပြီး...
ဘယ်အရပ်မျက်နှာက ကြယ်တွေကို သူ့ရဲ့လမ်းပြအဖြစ် သတ်မှတ်ယုံကြည်ရမှာလဲ။ လမ်းစကိုရှာဖွေရင်း...
တရိပ်ရိပ်မြင့်တက်လာတဲ့ ဝင်္ကပါနံရံတွေက သူ့ကို ဘယ်လောက်အထိများ ပျောက်ကွယ်သွားစေဦးမှာလဲ။ မေးခွန်းအားလုံးမှာ အဖြေမရှိ...၊ အဖြေရှိခဲ့တယ်ဆိုရင်တောင် အဲ့ဒီအဖြေက သူ့ကိုဖျက်ဆီးပစ်မယ့်အဖြေမျိုးသာ ဖြစ်နေလိမ့်မယ်။
ESTÁS LEYENDO
ရောင်စုံများရဲ့ အခြားတစ်ဖက်(U/Z)
Ficción GeneralOn the other side...Love or Hate Own creation by Han_Me